ကယားပြည်နယ် ဖရူဆိုမြို့ အသက်၁၁နှစ်အရွယ် အမျိုးသမီးငယ်ကို အတင်းအဓမ္မပြုကျင့်သူ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းမှ ဆောက်လုပ်ရေး အလုပ်သမား မောင်ကြယ်စင်မောင်အား တရားရုံးမှ ထောင်ဒဏ် တသက်တကျွန်းနှင့် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ ခရိုင်တရားရုံးတွင် မတ်လ ၁၅ ရက်နေ့က ၎င်းတရားခံဖြစ်သူ မောင်ကြယ်စင်မောင် (ခ) ကျော်မျိုးသူသည် မုဒိမ်းမှု ကျူးလွန်ထားကြောင်း သက်သေ အထောက်အထားတွေနဲ့ တွေ့ရှိရတဲ့ အတွက် ပစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တသက် တကျွန်းနှင့် အသက် ၁၆ နှစ်အောက် မိန်းကလေးကို အုပ်ထိန်းသူ (သို့) မိဘသဘောမတူပဲ ခေါ်ဆောင်ခြင်းသည် ပစ်မှုပုဒ်မ ၃၆၃ အရ ထောင်ဒဏ် ၃ နှစ်ကျခံစေရမည်ဆိုပြီး တရားရုံးမှ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ရှေ့ဆက်ပြီး အတင်းအဓမ္မပြုကျင့်ခံရတဲ့ ကလေးမလေးအတွက် တရားခံနဲ့ ပတ်သက်တဲ့ သူတွေကိုလည်း တရားမ မှုနဲ့တရားစွဲမယ်လို့ ဥပဒေအကြောင်းနဲ့ ပတ်သက်ပြီး ကလေးမလေးအတွက် အကူအညီပေးနေ တရားလွှတ်တော်ရှေ့နေ ဦးအောင်ရှိန်က ပြောပါတယ်။
"တရားစွဲမှာက တရားမ အကြောင်းအရ ဒီကလေးမလေး နစ်နာအောင် ပြုလုပ်တဲ့ပုဂ္ဂိုလ် အဲဒီပုဂ္ဂိုလ်အပြင် တရားခံပေါ့ အဲဒီတရားခံအပြင် တာဝန်ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ပေါ့ နစ်နာကြေးပေါ့ နစ်နာကြေးအတွက် ထိုက်သင့်တဲ့နစ်နာကြေးကို တောင်းဆိုမယ် တရားခံနှင့်အတူ သူနဲ့သက်ဆိုင်တဲ့သူကို တရားစွဲမယ်" လို့ ပြောပါတယ်။
ဖခင်ဖြစ်သူကလည်း ကလေးမလေး၏ ဘဝတလျှောက်တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပိုင်းတွေမှာ များစွာထိခိုက်သွား ရကြောင်း ပြောပါတယ်။
"သမီးလေးက ကျောင်းတွေဆို သူငယ်ချင်းတွေနဲ့ မသွားရဲမလာရဲ ဖြစ်သွားတယ်။ စိတ်ထိခိုက်တာတွေ စိတ်ခံစားရတာတွေ များနေတယ်။ လူတောမတိုးရဲတော့ဘူးပေါ့ သူ့အတွက် ရှေ့ရေးအတွက်အနေနဲ့ အဲဒီအတွက် လျော်ကြေးပြန်တောင်းမယ်။ သူနဲ့သက်ဆိုင်တဲ့ သူတွေ အဖွဲ့အစည်းတွေ အရင်းအမြစ်တွေကို ပြန်ပြီးတော့ တရားစွဲမယ်။ သူတို့တွေ ဒီလိုဦးဆောင်ပြီး ဒီလိုလာနေခဲ့ကြလို့ပဲ ဒီလိုပြဿနာတွေ ကြံုတွေ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်"
အတင်းအဓမ္မပြုကျင့်ခံရတဲ့ ကလေးမလေးက ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်နေ အသက် ၁၁ အရွယ်ဖြစ်ပြီး အ.မ.က ကျောင်းတွင် ပညာသင်ကြားနေတဲ့ တတိယတန်း ကျောင်းသူမလေး ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေစောင်းချိန်မှာ ကလေးမလေးက စာကျက်ဝိုင်းသို့ သွားစဉ် တရားခံဖြစ်သူ မောင်ကြယ်စင်မောင် (ခ)ကျော်မျိုးသူက တောထဲတွင် တညခေါ်ဆောင်သွားပြီး အတင်းအဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။