ပြောင်းလဲနေတဲ့ နိုင်ငံရေးတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာတွေ သိဖို့လိုအပ်

ပြောင်းလဲနေတဲ့ နိုင်ငံရေးတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာတွေ သိဖို့လိုအပ်
by -
ကန္တာရဝတီတိုင်း(မ်)

ပြောင်းလဲလာနေတဲ့ နိုင်ငံရေး ရေစီးကြောင်းမှာ ကယား(ကရင်နီ)ပြည်နယ်မှ ပြည်သူလူထုတွေအနေနဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာတွေ တာဝန်ဝတ္တရားတွေကို သိရှိဖို့လိုအပ်တယ်လို့ ကယားပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းထားတဲ့ လူမှုအဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်း ခူးခိုလျှေက ပြောပါတယ်။

၎င်းက “လူ့အခွင့်အရေးနှင့် ပတ်သက်ပြီးတော့မှ ကျနော်တို့လူထုတွေက လူ့အခွင့်အရေးဆိုင်ရာ အချက်အလက် အသေးစိတ်မသိဘူး။ ဘယ်လိုအခွင့်အရေးက ဆုံးရှံုးသလဲ၊ ဘယ်လိုအခွင့်အရေးက ရသင့်သလဲဆိုတဲ့ အခွင့်အရေးက မသိသေးဘူး။ မသိသေးတာတွေ အများကြီးရှိတဲ့အတွက် ဒါတွေက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ဒါတွေ သိဖို့လိုတယ်” လို့ ပြောပါတယ်။

ယခင်ရွေးကောက်ပွဲမှာ လူတိုင်းမိမိတို့၏ မဲဆန္ဒထည့်ခွင့် ရှိတယ်ဆိုပေမယ့်လို့ ရွေးကောက်ပွဲရဲ့ ဥပဒေတွေကို သေချာသိခွင့်မရတာတွေ၊ မိမိဆန္ဒမပါပဲ ကြိုတင်မဲအဖြစ် ပြုလုပ်သွားတာတွေ စတဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေက နယ်မြေဒေသ မအေးချမ်းတဲ့နေရာ ဝေးလံခေါင်ပါးတဲ့ ကျေးလက်ဒေသ ဘက်တွေမှာအများဆုံး ကြံုတွေ့နေရလို့ ဒေသခံလူထုတွေအနေဖြင့် မိမိ၏ အခွင့်အရေးတွေကို သိရှိထားဖို့လိုတာဖြစ်တယ်လို့ ပြောပါတယ်။

"အခုလောလောဆယ်မှာတော့ ပွင့်လင်းမြင်သာတဲ့ ကာလမှာတော့  မိမိဆန္ဒ ဖော်ထုတ်ပိုင်ခွင့်ရှိတယ်။ ပြောဆို ပိုင်ခွင့်ရှိတယ်။ ရွေးကောက်ပွဲ ကိုကျနော်တို့ မဲထည့်ခွင့်ရှိတယ်။ ဒါတွေရှိရမယ်။ ဒါမရှိရင် အခွင့်အရေး ချိုးဖောက်ခံရတာပဲ" လို့ ခူးခိုလျှေက ပြောပါတယ်။

လက်ရှိကယား(ကရင်နီ)ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ကာလ နိုင်ငံရေး အပြောင်းအလဲ အတောအတွင်းမှာ အခြေခံကျတဲ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို မသိထားဘူး၊ မလိုက်နာဘူးဆိုရင် လူ့အဖွဲ့အစည်း မြင့်မားအောင် ဆောင်ရွက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး(၁) ခူဦးရယ်က ပြောပါတယ်။

ခူဦးရယ်က “ ကျနော်တို့ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာ တကယ့်လူတဦးချင်းစီရဲ့ အခြေခံအခွင့်အရေးနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အရာဆိုတော့ ဒီဟာတွေကို ကျနော်တို့မသိဘူးဆိုရင် ကိုယ့်ကိုကိုယ် ကိုယ့်ရဲ့ အခွင့်အရေးတွေ ဘာခံစားခွင့် ရှိသလဲ၊ ကာကွယ်နိုင်တဲ့အခွင့်ရှိသလဲ၊ ဒီမိုကရေစီဆိုတာဘာလဲ ဆိုတဲ့ အခြေခံ သဘောတရားက တကယ့်အခြေခံကအစ ဒီဟာလေးကိုမှ ကျနော်တို့ သိမထားဘူးဆိုလို့ရှိရင် ကျနော်တို့ လူ့အဖွဲ့အစည်းကြီးကို ကျနော်တို့ ဘယ်လိုမြင့်မားလာအောင်၊ အသိတရားတွေ ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမလဲဆိုတဲ့ ကိစ္စက တော်တော်လေးကို ခက်ခဲတယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခံရဆုံးနေရာတွေက ယခင်က စစ်ဘေး ဒဏ်ကြောင့် ရွှေ့ပြောင်း နေထိုင်လာခဲ့ကြတဲ့ ဒုက္ခသည်တွေ ဖြစ်ကြပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း၊ ပညာရေးသင်ကြားခွင့် မရရှိခဲ့ခြင်းတွေနဲ့ ကြံုတွေ့နေကြရပါတယ်။  

အတွင်းရေးမှူးခူဦးရယ်က “ကျနော်တို့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ ကျနော်တို့တွေက အသက်ရှင် ရပ်တည်လာခဲ့ကြတာဆိုတော့ ကျနော်တို့ထင်တယ်၊ ကိုယ့်ရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဆုံးရှုံးနေရတဲ့ လူ့အခွင့်အရေးတွေက ဒုနဲ့ဒေးရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံစားနေရတဲ့ ပုံစံတွေကလည်း အမျိုးမျိုးပါပဲ အနည်းနဲ့အများသာ တဦးချင်းမတူ ကွဲပြားတာတွေ ရှိကောင်းရှိမယ်။ တချို့တလေကလည်း တကယ်နစ်နစ်နာနာ ပစ်ပစ်ခါခါ ချိုးဖောက်ခံရတာမျိုးတွေလည်း တွေ့ရပါတယ်။ အထူးသဖြင့် စစ်ပွဲ စစ်ရေးပဋိပက္ခနဲ့ အနီးဆုံးနေရာမှာ နေတဲ့သူတွေမှာ တွေ့ရတယ်။” လို့ ပြောပါတယ်။

KNPP မှ ပြည်သူတွေအကြား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အသိပညာတွေနဲ့ ပတ်သက်လို့လည်း  ပိုမိုကျယ်ပြန့်စွာ သိရှိလာဖို့အတွက် ပြည်တွင်း လူမှုအဖွဲ့အစည်းတွေ၊ NGOs အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သင်တန်းကို ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Most read this week