ဘိန်းစိမ်းများ ဝယ်ယူသိုလှောင်ထားသည်ဟူသော သတင်းအရ တောင်ကြီး မူးယစ် အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးရာ နေအိမ်အတွင်းမှ သေနတ်ဖြင့် ခုခံပစ်ခတ်သဖြင့် ရဲအရာရှိတဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲဆည် အရှေ့ဘက်ကမ်းရှိ ကရင်ကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာရှိ နေအိမ်တအိမ်တွင် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ပြန်လည်ပစ်ခတ်ခဲ့သူ အမျိုးသားမှာ မော်တော်ကားဖြင့် မောင်းနှင်ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
အသက် (၂၅) နှစ်ခန့်ရှိ ဆန်းနိုင်ဆိုသူ၏ နေအိမ်သို့ တောင်ကြီးမူးယစ်အဖွဲ့နှင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား (၁၃) ဦးက သတင်းအရ ၀င်ရောက် ရှာဖွေရန် သွားရောက်စဉ် ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် တောင်ကြီး မူးယစ်အထူး အဖွဲ့မှ ရဲအုပ် သန်းဇော်ဝင်း၏ ၀ဲဖက် တင်ပါးတွင် ထိမှန်ခဲ့ခြင်း ဖြစ်သည်။
နံနက် (၉) နာရီ အချိန်ခန့်တွင် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား (၁၂) ဦးခန့် ပြန်လည် ရောက်ရှိခဲ့ရာ ဆန်းနိုင်မှ ဆပ်(ဖ်) ကားအနက်ရောင်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ ကြောင်းနှင့် ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်သော်လည်း လွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက အခုလို ပြောဆိုသည်။
“ဆန်းနိုင်ရဲ့ နေအိမ်က နှစ်ထပ်တိုက်အိမ်ပါ။ မြေအောက်ခန်းလည်းရှိပါတယ်။ မြေအောက် ခန်းထဲမှာ ဘိန်းစိမ်းအနှံ့တွေလည်း ရပါတယ်။ ဘိန်းစိမ်း အကြွင်းအကျန် တွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွားပါတယ်။ များများစားစားတော့ မတွေ့ရ တော့ပါဘူး။ ဆန်းနိုင်က မော်တော်ကားပေါ်ကို အထုပ်ငါးထုပ်လောက် ပစ်တင်သွားတာကို ပတ်ဝန်းကျင် အိမ်တွေက လှမ်းမြင်ရတယ်လို့ပြောပါတယ်။ ပစ္စည်းတွေက ကားပေါ်မှာ ပါသွားတယ်ထင်ပါတယ်။” လို့ နီးစပ်သူက ပြောဆိုသည်။
ဆန်းနိုင်အား ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း ၎င်းမောင်းနှင်ခဲ့သည့် မော်တော်ကားကို လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု အတွင်းရှိ ခဲတောင်အနီးတွင် သေနတ်ဒဏ်ရာ ခုနှစ်ချက်ခန့်နှင့် အတူ တွေ့ရှိခဲ့ကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးထံမှ သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၄ ရက်က မိုးဗြဲရဲစခန်းသို့ သွားရောက်၍ သော်လည်းကောင်း ၊ ဖုန်းဖြင့် သော်လည်းကောင်း ဆက်သွယ်မေးမြန်းရာ အတည်ပြု ပြောဆိုခြင်း မရှိသော်လည်း ဖယ်ခုံရဲစခန်းမှ တပ်ဖွဲ့ဝင်တဦးကမူ “ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာ မှန်ပါတယ်။ အသေးစိပ်ကိုတော့ အထက်လူကြီးတွေမှ သိမှာပါ” ဖြေကြားသည်။
ယခုအခင်း ဖြစ်ပွားရာနေရာ အနီးဝန်းကျင်ရှိ ဒေသများတွင် ရေ၊ မြေ ကောင်းမွန်ပြီး စပါးနှင့် အခြားသီးနှံများစိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်သော်လည်း ဘိန်းစိုက်ပျိုးသူ များပြားနေပြီး ယခုနှစ်တွင် ဘိန်းစိမ်းတပိဿာလျှင် ကျပ်ခုနှစ်သိန်း ပေါက်စျေးရှိကြောင်း သိရသည်။