ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် ကျောင်းသူတဦး ကျောင်းစာ မလိုက်နိုင်၍ ကြိုးဆွဲချကာ သေဆုံးသော ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နံနက်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ မိုင်းလုံးရပ်ကွက်နေ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ သတ္တမတန်းတွင် ပညာသင်ကြားနေသူ မစော(ခ)မသဲ အသက် (၁၈)နှစ် ဖြစ်သည်။
အဆိုပါနေ့နံနက် ရ နာရီအချိန်ခန့်က သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်နန်းစံသည် နေအိမ်အောက်ရှိ မီးဖိုချောင်၌ ထမင်း၊ ဟင်းချက်ပြုတ်ပြီးနောက် နေအိမ်အပေါ်ထပ်သို့ ဆွမ်းတော်တင်ရန် တက်ရောက် သွားစဉ် သမီးဖြစ်သူ၏ စာကျက်သံမကြားရ၍ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ သမီးဖြစ်သူမှာ နေအိမ် အိပ်ခန်းအတွင်း စာကြည့်စားပွဲဘေး ထုပ်တန်း၌ အဖြူရောင်ချည်ကြိုးဖြင့် ကြိုးဆွဲချလျက်သေဆုံး နေသည်ကို တွေ့ရသည်ဟုဆိုသည်။
မစော(ခ)မသဲသည် မောင်နှမလေးဦးရှိသည့်အနက် အထွေးဆုံးသမီးဖြစ်ကြောင်း၊ သတ္တမတန်းတွင် ပညာသင်ကြားနေခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ကြောင်း၊ အခြားအတန်းများတွင်လည်း စာမေးပွဲကျရှုံးခဲ့ ဖူးကြောင်း၊ စာညံ့၍ ကျောင်းမထားလိုတော့သော်လည်း မစောက ကျောင်းအပ်ပေးရန် ပူဆာသဖြင့် ကျောင်းအပ်ပေးခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖခင်ဖြစ်သူ ဦးမောင်ထွန်း ကွယ်လွန်ခဲ့ပြီးနောက် အဖမဲ့ သမီးဖြစ်၍ အလိုလိုက်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့ နံနက် ၆ နာရီအချိန်ခန့်က မစောသည် အိပ်ရာမှ ထပြီး နေအိမ်အောက်သို့ ဆင်းကာ မျက်နှာသစ်ခဲ့ပြီး စာကျက်ခဲ့သေးကြောင်း မိခင်ဖြစ်သူ ဒေါ်နန်းစံက ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ လွိုင်ကော်ရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းဝင်းက အခင်းဖြစ်ရပ်သို့ သွားရောက်စုံစမ်း စစ်ဆေးခဲ့ပြီး သတင်းပေးတိုင်ကြားရာ လွိုင်ကော်ရဲစခန်းက သေမှုသေခင်း နှစ်စဉ်အမှတ် ၁/၂၀၁၃ ကို ရေးဖွင့်လျက် စခန်းမှူး ရဲအုပ်လေးအောင်က ဆက်လက်စုံစမ်း စစ်ဆေးကြောင်း သိရသည်။