ကယား(ကရင်နီ)ပြည်နယ် သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် အကြီးစား ရေအားလျှပ်စစ် စီမံကိန်းဖြစ်တဲ့ ရွာသစ်စီမံကိန်းကိစ္စမှာ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ဦးစွာရယူမည်ဟု ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။
ဝန်ကြီးဦးစောဟူးဟူးက “ရွာသစ်စီမံကိန်းနဲ့ပတ်သက်လို့ ကျနော်တို့အစိုးရအနေနဲ့ကတော့ အဓိကတော့ ပြည်သူရဲ့ သဘောထားပေါ့ ဒါပေမဲ့ သူတို့က အရင်ကတင်ပြထားတာကတော့ တိုင်းတာဖို့ လုပ်ဖို့ ဆိုပြီးတင်ပြထားတာဆိုတော့ အဲဒီအထိတော့ ကျနော်တို့ ခွင့်ပြုထားတယ်” လို့ ပြောပါတယ်။
ရွာသစ် ရေအားလျှပ်စစ်စီမံကိန်းက လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါ၀ပ် ထုတ်မှာဖြစ်ပြီး ယခုအနေအထားမှာတော့ လေ့လာတွက်ချက် တိုင်းတာပြီးမှသာလျှင် ပြည်သူလူထုတွေကို ချပြရှင်းလင်း နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိကြားနေရသည့် တရုတ်ကုမ္ပဏီဘက်မှ ဝက်ဆိုက်တွင် ဖော်ပြထားတဲ့ သတင်းအရ လျှပ်စစ်ဓတ်အား မဂ္ဂဝပ် ၄၀၀၀ ခန့်ထုတ်မှာဖြစ်တယ်လို့ ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ယက် (KCSN) မှ တော်ရယ်က ပြောပါတယ်။
“ဒီလောက်ကြီးမားတယ်ဆိုရင်တော့ ဆောက်ဖြစ်ရင်တော့ ရေက ဘယ်အထိလွမ်းမိုးသွားမလဲဆိုတာ သေချာသိဖို့လိုတယ်။ အဲဒီနေရာကစပြီး အပေါ်ပိုင်းအားလုံးက စိုက်ပျိုးစားသောက်ဖို့ မြေတွေကတော့ ကုန်သွားမှာပဲ ဒါပေမဲ့ ဒါကိုကျနော်တို့ အတိအကျ မသိရဘူး။ တာဝန်ရှိတဲ့ သူတွေကလည်း မထုတ်ပြန်ဘူး ဒါတွေကို သေချာ ရှာဖွေဖော်ထုတ်ဖို့ လိုသေးတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အခုသွားနေတာက ပွင့်လင်းမှုမရှိတာပဲ အမှန်တကယ်ဒါကို အသိပေးထားရမယ်လေး” လို့ ပြောပါတယ်။
အကြီးစား ရေအားလျှပ်စစ် စီမံကိန်းဖြစ်တဲ့ ရွာသစ်စီမံကိန်း အကောင်အထည်ဖော်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံပြည်သူလူ ထုတွေနှင့် လူမှုအသင်းအဖွဲ့တွေကို အစိုးရကနေပြီး ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရ ပြည်ထောင်စုအဆင့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်တွေမှာလည်း သဘောတူထားပြီးဖြစ်ပါတယ်။
ဝန်ကြီးစောဟူးဟူးက “တိုင်းတာတယ်ဆိုတာက ဘယ်လောက်အထိထွက်မလဲ ဘယ်လောက်အထိ ဆိုးကျိုး ကောင်းကျိုးအပေါ်မှာ မူတည်ပြီးတော့ တွက်ချက်ရတယ်ဆိုတဲ့ အနေအထားလေးပါ။ သူတို့ရဲ့ တွက်ချက်တဲ့ အနေအထားကာလ ကလည်း သူတို့ရဲ့ တွက်ချက်မှု တွေ့ရှိမှုတွေကိုတော့ မတင်ပြသေးဘူး။ တင်ပြရင် ပြည်သူတွေကို ချပြတဲ့အနေအထားပေါ့။ အခုက တွက်ချက်တဲ့ကာလဆိုတော့ပြည်သူကို ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာတော့ ဘာမှချပြလို့ မရသေးဘူး သူတို့တင်ပြ တဲ့နောက်ပိုင်းမှာ ချပြဖို့ရှိပါတယ်။” လို့ ပြောပါတယ်။
၎င်းဘောလခဲမြို့နယ်အတွင်းရှိ ရေအားလျှပ်စစ် စီမံကိန်းတွေကိုလုပ်ဖို့ အစိုးရနှင့် တရုတ်အစိုးရပိုင် Datang ကော်ပိုရေးရှင်းတို့ဟာ ၂၀၁၀ နှစ်ဆန်းပိုင်း ကတည်းက လတ်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။