မိုးများ၍ နှမ်းစိုက်ပျိုးသူ အရှုံးပေါ်

မိုးများ၍ နှမ်းစိုက်ပျိုးသူ အရှုံးပေါ်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ရှားတောမြို့တွင် ယခုနှစ်မိုးများ၍ နှမ်းစိုက်ပျိုးလုပ်ကိုင်သော တောင်သူများ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

ရှားတောစုစည်းကျေးရွာမှ နှမ်းခုတ်ပြီး အခြောက်လှန်းနေစဉ် (ဓါတ်ပုံ-ကေတီ)

ရှားတောမြို့က စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းတဦးက “နှမ်းခါတဲ့အချိန်ရောက်ပြီ မိုးကဆက်တိုက် ရွာနေတော့ မိုးစိုတော့မရဘူး။ ကိုယ်ရမဲ့ဟာက ၅သိန်းဆိုရင် ၃ သိန်းဖိုးလောက်ကတော့ ပျက်ကုန်တယ်။ ပြီးခဲ့တဲ့နှစ်မှာ မရှုံးဘူး။ ဒီနှစ်တော့အရှံုးများတယ်” လို့ ပြောပါတယ်။

ရိတ်သိမ်းပြီး အခြောက်လှန်းထားဖို့ အစုလိုက်ချည်နှောင်ထားတဲ့ နှမ်းတွေထဲကို မိုးရေတွေက အဆက်မပြတ် ဝင်နေ သဖြင့် နှမ်းတွေပျက်စီးကုန်တယ်လို့ ပြောပါတယ်။

ရှားတောမြို့က ယခင်နှစ်တွေဆိုလျှင် မိုးနည်းတဲ့အတွက်ကြောင့်လည်း ဒီနှစ်တွေမှာ နှမ်းတွေကိုဘဲ ပိုစိုက်ပျိုး လာကြတာဖြစ်ပါတယ်။

“မိုးအားကြောင့်လည်း ပိတ်စင်ကုန်တယ်။ အလေအလွှင့်များတယ်။ တချို့ကတော့ မရိတ်ရသေးဘူး။ ဒီနှစ်တော့ မုန်တိုင်းမိုးတွေကြောင့် အခက်အခဲတွေရှိတယ်။ တမြို့လုံးပါ” လို့ ဆက်ပြောပါတယ်။

ရှားတောမြို့အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေက အများဆုံး နှမ်းစိုက်ပျိုးကြတာပါ။ စုစုပေါင်း စိုက်ပျိုး ကြတဲ့ နမ်းဧက နှစ်ထောက်ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေး ကုန်ကျစာရိတ်မတတ်နိုင်လို့ အလေးချိန်မစီးတဲ့ သီးနှံဖြစ်တဲ့ နှမ်းတွေကိုဘဲ စိုက်ပျိုးကြတယ်လို့လည်း ရှားတောမြို့က နှမ်းရောင်းဝယ်တဲ့ကုန်သည် တဦးက ပြောပါတယ်။

“တခြားပြောင်းဖူးတို့လုပ်ရင် လုပ်အားခနဲ့ သယ်ခတွေက သိပ်မမြတ်ဘူး။ အလေးချိန်က ပိုလေးနေတယ်။ ဒါကြောင့် မလုပ်ကြဘူး။ နှမ်းနဲ့အဓိက လုပ်စားကြတာပါ” လို့ ပြောပါတယ်။

ယခင်နှစ်က ရှားတောမှ လွိုင်ကော်မြို့သို့ နှမ်းသွားရောင်းလျှင် တပိဿကို ၁၅၀၀ ကျပ်စျေးရပြီး ကုန်သည် ပွဲစားတွေနဲ့ ရှားတောမှာရောင်းလျှင် တပိဿာ ၁၃၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။