ဆက်ဆံရေးရုံး အတည်တကျ ထားရှိရေးအတွက် မြေနေရာရှင်းလင်း

ဆက်ဆံရေးရုံး အတည်တကျ ထားရှိရေးအတွက် မြေနေရာရှင်းလင်း
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ထားရှိသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP ဆက်ဆံရေးရုံးကို နေရာအတည်အကျနှင့် ရုံးအဆောက်အဦး တည်ဆောက်နိုင်ရန် ပြောင်းရွှေ့ဖို့ မြေနေရာများ စတင်အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။

KNPP ဆက်ဆံရေးရုံးတည်ဆောက်ရန် မြေမျက်နှာသွင်ပြင်များ ညှိနေစဉ်တွေ့ရသည့်မြင်ကွင်း (ဓါတ်ပုံ-ကေအဲန်ပီပီ)

“မြေညှိတုန်းပဲ ရှိသေးတယ်။ ဆောက်မယ် မဆောက်ဘူးဆိုတာ မဆုံးဖြတ်ရသေးဘူး။ နိုင်ငံရေးအခြေအနေ ကြည့်အုံးမယ်။ နောက်စစ်အခြေအနေလည်း ကြည့်ရအုံးမယ်။ ပြောင်းလဲမှု တစုံတရာရှိမှ ဆောက်ဖို့ဆုံးဖြတ်မယ်” လို့ လွိုင်ကော်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ ခူဒယ်နီရယ်က ပြောပါတယ်။

တရားဝင်ဆက်ဆံရေးရုံးကို လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်အိမ်အမှတ် ၁၈ မှာ ယခင်လက ရုံးဖွင့်လှစ်ပြီးဖြစ် ပါတယ်။ ၎င်းအဆောက်အဦးမှာ ပြည်နယ်အစိုးရမှ ယာယီဖွင့်လှစ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ ယခု လွိုင်ကော်မြို့ နောင်ယား (က) ရပ်ကွက် စျေးနှင့် မျက်နှာချင်းဆိုင်တွင်  KNPP ဆက်ဆံရေးရုံးကို တည်ဆောက် နိုင်ဖို့ မြေနေရာများ ဖော်ထုတ် ရှင်းလင်း နေကြတာ ဖြစ်ပါတယ်။ 

KNPP နဲ့ အစိုးရတို့ ယာယီ ဆက်ဆံရေးရုံး ထားရှိနေပြီဖြစ်သော်လည်း ယခုအချန်အထိ နိုင်ငံရေးပိုင်းဆိုင်ရာနဲ့ စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တစုံတရာ ပြောင်းလဲမှု မရှိသေးတဲ့အတွက် ဆက်ဆံရေး ဆောက်လုပ်ရေးအတွက် ကြာအုံးမယ်လို့ ဆိုပါတယ်။

“အခုက တပ်အခြေအနေကြည့်လို့ရှိရင် ဘာမှ ပြောင်းလဲမှု မရှိသေးဘူး။ နိုင်ငံရေး ပြောင်းလဲမှု တစုံတရာ မရှိသေးဘူး။ အဲဒီအခြေအနေကိုကြည့်ပြီးမှ လုပ်ရမယ်။ ဘယ်လောက်ကြာမလဲဆိုတာတော့ ပြောလို့မရသေးဘူး” လို့ ခူဒယ်နီရယ်က ပြောပါတယ်။

နောင်ယား (က) စျေးနဲ့မျက်နှာချင်းဆိုင်နေရာမှာ ဆက်ဆံရေးရုံး တည်ဆောက်ဖို့အတွက် အစိုးရကနေပြီး မြေ ၁ ဧက နီးပါး ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ယခု ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အဖွဲ့အစည်းတွေကို လွယ်လွယ်ကူကူ ဆက်သွယ်နိုင်တဲ့ အခြေအနေဖြစ်လာပြီ ဖြစ်တဲ့အတွက် အခြေအနေပေးပါက ကျန်ရှိနေတဲ့ မြို့နယ် တိုင်းကိုလည်း ဆက်ဆံရေးရုံး ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာ KNPP ဟာ ကရင်နီပြည် လွိုင်ကော်မြို့၊ ရှားတောနဲ့ ဖားဆောင်းမြို့ ၃ နေရာကို ယာယီဆက်ဆံရေးရုံး တရားဝင် ဖွင့်လှစ်ပြီးဖြစ်ပါတယ်။  မတ်လ ရ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဇွန်လ ၉ ရက်နေ့မှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် အစိုးရနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။