လွိုင်ကော်မြို့တွင်မီးလောင်၍ ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်ဆုံးရှုံး

လွိုင်ကော်မြို့တွင်မီးလောင်၍ ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်ဆုံးရှုံး
by -
ကန္တရဝတီ

ယမန်နေ့က လွိုင်ကော်မြို့ မြကလပ်တောင်ခြေနမ့်ဘော်ဝမ်ရပ်ကွက်မှာ မတော်တဆ မီးလောင်မှုဖြစ်ခဲ့တဲ့ အတွက် ကျွန်းသစ်ဂိုဒေါင် ၅ လုံးနဲ့အတူ ခရစ်ယာန်သင်းအုပ်ဆရာတဦးရဲ့ နေအိမ်ပါ မီးထဲပါသွားတယ်လို့ သိရပါတယ်။

ညနေ ၃ နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ နမ့်ဘော်ဝမ်ရပ်ကွက်ထဲက ကရင်နီအမျိုးသား ဒီမိုကရက်တီပါတီ KNDP (နဂါးအဖွဲ့)ရဲ့ ရုံးဝန်းအတွင်းမှာရှိတဲ့ ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်အား ဆုံးရှုံးစေခဲ့လို့ မီးအားကူညီငြိမ်းသတ်ခဲ့တဲ့ ရပ်ကွက်သားတဦးက ပြောပါတယ်။

“မီးစတင် စွဲလာတာ ရုံးအပေါ်ပိုင်း ပအိုဝ်းလူမျိုးခြံထဲက စတင်လာတယ် အစကတော မီးကို ငြိမ်းဖို့ကျတော် တို့ကြိုးစားသေးတယ်။ ဒါပေမယ့်မီးအရှိန်က အရမ်းပြင်းတော့ ကျတော်တို့ မငြိမ်းနိုင်ခဲ့ဘူး။ အဲဒီနောက်မှာ သစ်ဂိုဒေါင်တစ်ခုကို မီးစွဲခဲ့ပါတယ်၊ တစ်ဖြည်းဖြည်းနဲ့သစ်ဂိုဒေါင် ၅ ခုစလုံး လောင်ခဲ့တယ်။ ဆိုးတာတစ်ခုက ကျတော်တို့ရပ်ကွက်ရဲ့ အသင်းအုပ်ဆရာအိမ်ပါသွားတယ်”

သစ်ဂိုဒေါင်အတွင်း သိုလှောင်ထားသော ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်အပြင် သစ်ခွဲစက် ၅ လုံးထက်မနည်း မီးထဲပါသွားတယ်လို့ ဆိုပါတယ်။

“မီးသတ်ကား ၂ စင်းလာကူလို့မဟုတ်ရင် ထပ်လောင်မယ့်အခြေအနေရှိတယ် အခုချိန်ထိ မီးသတ်တုန်းပဲ” လို့ ရပ်ကွက်သားတဦးက ပြောပါတယ်။

ညနေပိုင်း ၃ နာရီခွဲမှစလောက်တဲ့မီးဟာ ညပိုင်း ၈နာရီအထိ လောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို ရဲဌာနမှ လာရောက်စုံစမ်းစစ်ဆးမှုများ ပြုလုပ်ခဲ့ပါတယ်။

KNDP (နဂါးအဖွဲ့)ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPမှခွဲထွက်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်အစိုးရက သူတိို့ကု ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခိုင်းလိုက်ပါတယ်။ စစ်အစိုးရလက်ထက်က စီးပွားရေးခွင့်ပြုချက်ဖြင့် ကရင်နီပြည် နန်းဖဲနဲ့ဖာဆောင်းဒေသဘက်မှာ သစ်လုပ်ငန်းတွေ ယနေ့တိုင်လုပ်ဆောင်နေပါတယ်။

Most read this week