နိုင်ငံရေးကိစ္စမပြေလည်သေးသဖြင့် သတိနှင့်နေသင့်ကြောင်း SSA အား ကရင်နီသတိပေး

နိုင်ငံရေးကိစ္စမပြေလည်သေးသဖြင့် သတိနှင့်နေသင့်ကြောင်း SSA အား ကရင်နီသတိပေး
by -
ကူးဒူ

နိုင်ငံရေး ကိစ္စဝိစ္စတွေ မပြေလည်နိုင်သေးတဲ့အတွက် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း RCSS/SSA အနေနဲ့ သတိဝိရိယနဲ့ နေသင့်တယ်လို့ ကရင်နီပြည်တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်မြတ်က သတိပေးပြောဆိုလိုက်ပါတယ်။

 SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က အခမ်းအနား မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ-ကေတီ)ဖေဖော်ဝါရီလ ရ ရက်နေ့က RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ကျင်းပပြုလုပ်တဲ့  ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနား အမှာစကားမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ဒီကနေ့ အခြေအနေသည် အပစ်အခတ် ရပ်စဲတာပဲ ဖြစ်တယ်။ နိုင်ငံရေး ကိစ္စ မပြေနိုင်သေးလို့ ကျနော်တို့ အထူး သတိထားရပါမယ်။ အထူးသဖြင့် ကျနော်တို့ တပ်မတော်သားများတွေ အထူးညီညွတ်ရပါမယ်။ အမိန့်ကို တိတိကျကျ လိုက်နာဖို့ ကိုယ့်ရဲ့ အမျိုးသားတွေကို ကာကွယ်စောက်ရှောက်ဖို့ ကျနော်တို့ အနေနဲ့ သတိထားရမှာ ဖြစ်တယ်”

စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖေါ်ဆောင်နိုုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုအဆင့်တွေ မရောက်သေးတဲ့အတွက် လက်ထဲမှာ သေနတ်ဆက်လက်ကိုင်ဆောင်ထားဖို့ လိုနေသေးတယ်လို့  ဗိုလ်ချုပ် အောင်မြတ်က ဆက်ပြောပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေး ဆိုတာကတော့ အထူးသဖြင့် လက်နက်ကိုင်တဲ့ ကျနော်တို့ တပ်မတော်သားများတွေ၊ ခေါင်းဆောင်ကြီးများတွေ၊ ပြည်သူလူထုများတွေ လိုချင်တာပါ။ အဲဒီတော့ ငြိမ်းချမ်းရေး မရသေးသရွေ့ကတော့ လက်နက်သည် ကျနော်တို့ရဲ့ လက်ထဲမှာ ရှိရမှာ ဖြစ်တယ်။ အဲဒီလက်နက်သည် ကျနော်တို့ဟာ စစ်တိုက်ချင်လို့ တိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ့်လူမျိုးကို၊ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ ကိုင်ဆောင်ထားခြင်း ဖြစ်ပါတယ်။”

အပစ်အခတ်ရပ်စဲရေးယူထားတဲ့ အတောအတွင်းမှာ အစိုးရတပ်တွေက လူထုကိုနှစ်နာစေတဲ့ လုပ်ရပ်တွေလုပ်ဆောင်နေတာရှိရင် ပြန်လည်တိုက်ခိုက်ဖို့အဆင်သင့်ရှိတယ်လို့ SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က အခမ်းအနား မိန့်ခွန်းမှာပြောပါတယ်။

“ဒီကနေ့က နိုင်ငံရေး ဆွေးနွေးဖို့ အခြေအနေ ပေးလာတဲ့အတွက် ကျနော်တို့ အပစ်ရပ်တာ ဖြစ်တယ်။ ၅၃ နှစ်အတွင်းမှာ တိုက်ခိုက်လာတာ ကျနော်တို့ ဘာတွေမျှော်လင့်သလဲ၊ ရဲဘော်တွေဟာ တိုင်းပြည်အတွက် ဖြစ်တယ်။ တောထဲမှာ ပစ်နေတဲ့ သေနတ်တွေဟာ ဘာအတွက်လဲဆိုတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးဖို့အတွက်ပဲ ဖြစ်တယ်။ နိုင်ငံရေးကို ဆွေးနွေးညှိနှိုင်းလို့ မရဘူးဆိုရင် နောက်ဆုံးမှာ ရွေးတဲ့ လမ်းမရှိတော့ဘူး။ ကျနော်တို့ M-16 ကိုပဲ ပြန်သုံးရတော့မယ်”
၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပစဉ် (ဓါတ်ပုံ-ကေတီ)
RCSS/SSA နဲ့အစိုးရတို့ဟာ ၂ဝ၁၁ နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ပဏာမအဆင့် တွေ့ဆုံခဲ့ပြီး ယခု ၂ဝ၁၂ နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ၁၁ ချက်နဲ့ လက်မှတ်ရေးထိုး လိုက်ကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံမှာ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က နမ့်ဆန်မြို့ တောင်ပိုင်း စော်ဘွား စဝ်ခွန်ပန်းစိန်က ရှမ်းပြည်သား အားလုံးနဲ့ဆိုင်တဲ့ ရှမ်းပြည်နယ်ရဲ့အလံ၊ သီချင်းနဲ့ နေ့တို့ကို ဖေဖော်ဝါရီလ ရ ရက်နေ့မှာ သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

Most read this week