လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ဒဲရက် မစ်ချယ်လ်တွေ့ဆုံ

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ဒဲရက် မစ်ချယ်လ်တွေ့ဆုံ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကိုယ်စားလှယ်တချို့နဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်လ်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ KNPP/  KIO/ RCSS/PNLO နဲ့ KNU စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်တွေ နဲ့ အမေရိကန်ရဲ့ အထူးကိုယ်စားလှယ်တို့အကြား လက်ရှိအစိုးရနဲ့ ဆက်ဆံရေးမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း၊ စစ်မှန်ပြီး တကယ်အပြောင်းအလဲဖြစ်ပေါ်လာဖို့အတွက် ဆက်လက်ကြိုးစားသွား မယ့်အကြောင်းတွေ ဆွေးနွေးဖြစ်ကြပါတယ်။

“လက်ရှိအခြေအနေ အမှန်အကန် ဘာတွေဖြစ်နေလဲသိချင်လို့ လာတွေ့တာပါ” လို့ အဲဒီတွေ့ဆုံမှုမှာ ပါ၀င်တက်ရောက်ခဲ့တဲ့ ကရင်နီအမျိုးသား တိုးတက် ရေးပါတီ - KNPP မှ အတွင်းရေးမှူး-၁ ခူဦးရယ်က ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်နေဆဲဖြစ်တဲ့ ကချင်၊ ကရင်နဲ့ ရှမ်း စတဲ့ တိုင်းရင်းသားဒေသတွေမှာ ဒေသခံအမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ပေါ်တာဆွဲတာ၊ နေအိမ်တွေကို အဓမ္မ ရွှေ့ပြောင်းခိုင်းတာတွေနဲ့၊ မြေယာ သိမ်းယူတာတွေကို ဗမာစစ်တပ်ဖက်က ကျူးလွန်နေမြဲ၊ ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိုးအိမ်တွေကို စွန့်ခွာပြီး တောထဲတောင်ထဲကို ထွက်ပြေးပုန်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ထောင်နဲ့ချီပြီး ရှိနေဆဲဖြစ်ပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေကလည်း မိမိတို့ဒေသမှာ အခုလက်ရှိ ဖြစ်ပျက်နေဆဲဖြစ်တဲ့ ပြသာနာတွေကို တင်ပြကြပါတယ်။ ကရင်နီ ဒေသမှာတော့ လက်ရှိဖြစ်ပေါ်နေဆဲ ပြသာနာများဖြစ်တဲ့ လယ်ယာမြေသိမ်းဆည်းမှုတွေ၊ ရေကာတာ တည်ဆောက်မှုတွေ၊ လောပိတရေအား လျှပ်စစ် စက်ရုံပြန်လည်မွမ်းမံပြင်ဆင်ရေးကိစ္စ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ တိုက်ပွဲအကြောင်းတွေကို တင်ပြသွားတယ်လို့ ကေအဲန်ပီပီက ဆိုပါတယ်။

“တပြည်လုံး အပြောင်းအလဲ ဖြစ်ဖို့အတွက်ကတော့ အစိုးရအနေနဲ့ ဆထက်တပိုး ပိုပြီးတော့တကယ်ပဲ စစ်စစ်မှန်မှန် နိုင်ငံရေး ပြောင်းလဲဘက်ဆီကို ဦးတည်နိုင်အောင် သူတို့ ပံ့ပိုးကူညီဆောင်ရွက်နိုင်လိမ့်မယ် လို့တော့ ယူဆတယ်” လို့ ခူဦးရယ်က ပြောပါတယ်။

ဒဲရက် မစ်ချယ်လ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလက  မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အစိုးရအရာရှိတွေ၊ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေနဲ့ လူမှုကူညီရေး အဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Most read this week