မြန်မာ့အရေးအတွက် ကရင်နီအမျိုးသမီး ပထမဆုံးအကြိမ် လေထီးခုန်ချ

မြန်မာ့အရေးအတွက် ကရင်နီအမျိုးသမီး ပထမဆုံးအကြိမ် လေထီးခုန်ချ
by -
နှောင်းလှိုင်

မြန်မာ့အရေးနှင့် ကရင်နီလူမျိုးများအတွက်ဖိနှိပ် ညှင်းဆဲမှုမှ လွတ်မြောက်ရန်စည်းရုံးလှုပ်ရှား သည့် အနေဖြင့် ၂ မိုင်အမြင့် ဝေဟင်အထက်တွင် ပျံသန်းသော လေယာဉ်ပေါ်မှကရင်နီအမျိုးသမီး တဦး ပထမဆုံးအကြိမ် လေထီးခုန်ချနိုင်ခဲ့သည်။

moebuskydive

လန်ဒန်အခြေစိုက် မြန်မာ့အရေးလုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ အသက် ၂၅ နှစ်အရွယ် ကရင်နီအမျိုးသမီးတဦးဖြစ်သူ မော်မိုးဘူးသည် UKမှKent မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က လေထီးခုန်ချသည့် လုပ်ရှားမှုတွင် ပါ၀င်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာက မြန်မာနိုင်ငံတိုးတက်လာပြီ၊ ပြောင်းလဲလာပြီလို့ အော်နေကြတယ်။ ဒါပေမယ့် ကျမတို့ တိုင်းရင်းသားမှာ မပြောင်းလဲသေးဘူး။ အဲဒီအကြောင်း ကျမက နိုင်ငံတကာကို အသိပေးချင်တယ်။ ပြီးတော့ ကရင်နီလူမျိုးအကြောင်းကိုလည်း ပြောခွင့်ရတာကြောင့် အခွင့်အရေးကို ယူပြီး ကျမခုန်တယ်” ဟု အင်္ဂလန်တွင် ပညာဆည်းပူးနေသည့် မော်မိုးဘူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။

ကရင်၊ ကရင်နီ၊ ကချင်၊ ရှမ်း စသည့် တိုင်းရင်းသားဒေသများတွင် မြန်မာအစိုးရ၏ ခွဲခြားဆက်ဆံ အုပ်ချုပ်မှုနှင့် စစ်တပ်၏ ဖိနှိပ်ညှင်းဆဲမှု၊ စစ်ရေးပဋိပက္ခအခြေအနေများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ လူသားချင်းစာနာထောက်ထားမှုရှိရန် ရည်ရွယ်ပြီး မြန်မာ့အရေးလုပ်ရှားမှုအဖွဲ့ Burma Campaign UKမှ funding ( ငွေကြေးထောက်ပံ့ရေး) အတွက် လေထီးပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

ပထမဦးဆုံးအကြိမ်လေထီးပေါ်မှ ခုန်ချသည့် အတွေ့အကြံုကို သူမက အခုလို ရှင်းပြပါသည်။

“ခုန်ချတဲ့အချိန်မှာ အရမ်းကြောက်တယ်။ မြေကြီးကိုလည်း ကောင်းကောင်းမမြင်ရဘူး။ ပြီးတော့အရမ်း လည်းအေးတယ်။ တကယ့်သူများ ပစ်ချသလိုခံစားရတယ်။ လေထီးဖွင့်တဲ့ချိန်မှာ ဖြည်းဖြည်းလေးပဲ ဆင်းတော့ တခုခုကို ကိုင်ထားသလို ခံစားရပြီး မြေပြင်ကိုလည်း တွေ့ရတယ်။ ရှု့ခင်းလည်းတွေ့ရတယ်။ အေးတာ တခုကလွဲပြီး လေထီးဖွင့်တဲ့ချိန်ကတော့ ပျော်ပါတယ်” ဟု မော်မိုးဘူးက ပြောသည်။

သူမ ငယ်ရွယ်စဉ်က နေထိုင်ခဲ့သည့် ကျေးရွာတွင် မိသားစုနှင့်အတူ မြန်မာအစိုးရစစ်တပ်၏အတင်း အဓမ္မမောင်းထုတ်ခြင်းကို ခံရပြီးနောက် မိမိရွာကိုစွန့်ခွာပြီး ကရင်နီဒုက္ခသည် စခန်းသို့ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။

နှစ်အနည်းငယ်အကြာတွင် အင်္ဂလန်နိုင်ငံသို့ ပညာသင်ယူခွင့်ရရှိကာ ယခုအခါ တက္ကသိုလ်တခုတွင် သူနာပြုဘာသာရပ်ကို နောက်ဆုံးနှစ်အဖြစ် တက်ရောက်သင်ကြားနေသူ ဖြစ်သည်။

မော်မိုးဘူး၏ လုပ်ဆောင်ချက်များကို ကြိုဆိုကြောင်း အမျိုးသမီးများလည်း အမျိုးသားနှင့်တန်းတူ တိုက်ပွဲဝင်သွားရန် လိုအပ်သည်ဟု ပြည်ပရောက် ကရင်နီလူငယ် ခူးလျားရယ်က ပြောသည်။

“ကြိုဆိုတယ် ကောင်းတဲ့ လက္ခဏာပါ။ နောက်မျိုးဆက်သစ်အတွက်လည်း စိတ်လှုပ်ရှားစရာအတုယူ စရာပါ။ အမျိုးသမီးယောက်စီတိုင်းမှာ ကိုယ်လုပ်နိုင်တဲ့အရာတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်” ဟု ခူးလျားရယ်က ပြောသည်။

မော်မိုးဘူးသည် မြန်မာ့အရေး၊ ကရင်နီအရေးနှင့် ပတ်သက်၍ ကျောင်းအားလပ်ရက်များ၌ အခွင့်အခါ ပေးသည့်အတိုင်း စည်းရုံးဟောပြောခြင်း၊ နိုင်ငံတကာ အစိုးရအရာရှိများနှင့် တသီးပုဂ္ဂလ တွေ့ဆုံခြင်း၊ Burma Campaign-UK နှင့်အတူ လက်တွဲ ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်တွင်း၊ ပြည်ပရှိ ကရင်နီလူငယ်များနှင့်လည်း ဆက်စပ်ကာ အတူတကွပူးပေါင်းအလုပ်လုပ် ချင်ကြောင်း မော်မိုးဘူးက ပြောပါသည်။