လောပိတ မွမ်းမံရေးတွင် KDRG မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဦးစွာ စုံစမ်းစေလို

လောပိတ မွမ်းမံရေးတွင် KDRG မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဦးစွာ စုံစမ်းစေလို
by -
ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံ၏ ပထမဆုံး အကြီးစား ရေအားလျှပ်စစ် စက်ရုံ ဖြစ်သော ကရင်နီပြည်နယ်မှ လောပိတ အမှတ် ၂ စက်ရုံကို ပြန်လည်မွမ်းမံရေးအတွက် ဂျပန်အစိုးရက မြန်မာအစိုးရအား အထောက်အပံ့ မပေးမှီ စီမံကိန်းကြောင့် လူ့အခွင့်အရေးချိုးဖောက် ခဲ့ရမှုများကို ဦးစွာ စုံစမ်းစစ်ဆေးသင့်ပါကြောင်း ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ KDRG က ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်နေပြီဟု ဂျပန်အစိုးရက ရှုမြင်ပြီး အသိအမှတ်ပြု ၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံအတွက် ODA ဖွံ့ဖြိုးမှု အကူအညီများကို ပြန် လည်ထောက်ပံ့ပေးရန် စဉ်းစားဆွေးနွေးသည့် အထဲတွင် လောပိတ ရေအားလျှပ်စစ် အမှတ် ၂ စက်ရုံ ကို ပြန်လည်ပြုပြင်ရေးအတွက်လည်း ပါ၀င်ခဲ့ကြောင်း ယခု နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်သည့် KDRG ကြေညာချက်တွင် ဖော်ပြထားသည်။

lawpitano2“ဂျပန် အစိုးရ အနေဖြင့် စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရကို နောက်ထပ်ကူညီထောက်ပံ့ မှုတွေ မပေးခင် စီမံကိန်း ဒေသမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရင်ဆုံးစုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့ လိုအပ်တယ်” ဟု KDRG တာဝန်ခံ ခူးတော်ရယ်က ထုတ်ပြန်ကြေညာချက်တွင်ပြောထား သည်။

လောပိတ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဒေသခံကရင်နီပြည်သူ ၁၂၀၀၀ ကျော်တို့သည် မိမိတို့ နေရပ်မှ အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရကြောင်း၊ မြန်မာအစိုးရသည် စီမံကိန်း လုံခြုံရေးအတွက် အကြောင်းပြပြီး တပ်အင်အားများ တိုးချဲ့ချထားခဲ့ကြောင်း၊ ရေအားလျှပ်စစ် စက်ရုံနှင့် လျှပ်စစ်ဓါတ်အားသွယ်တန်းသွား သည့် တိုင်တာဝါ အနီးအဝိုက်တွင်လည်း လုံခြံုရေးအတွက် ဆိုပြီး အစိုးရ စစ်တပ်များက မြေမြုပ်မိုင်း အလုံး ၁၈၀၀၀ ခန့် ထောင်ထားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ဒီနေ့အထိ လောပိတ အနီးတဝိုက်မှာ မြေမြုပ်မိုင်းတွေ ရှိနေတုန်းပါပဲ။ပြီးတော့ ဒေသခံရွာသူရွာသားတွေ ကို လည်း လျှပ်စစ်ကြိုးတွေ၊ လိုင်းတွေကို လုပ်ခိုင်းဖို့ အတင်းအဓမ္မ လုပ်ခိုင်းတယ်” ဟု ခူးတော်ရယ်က ပြောသည်။

အစိုးရ စစ်တပ်များ တိုးချဲ့မှုကြောင့် ဒေသခံပြည်သူများအပေါ် လုပ်အားပေး ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့ သတ်ပစ်မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း KDRG က ဆိုသည်။

ယခု မြန်မာအစိုးရ အသစ်က လောပိတ ရေအားလျှပ်စစ် စက်ရုံကို ပြန်လည်ပြုပြင်လျှင် လုံခြုံရေးအတွက် ယခင်ကလို တပ်အင်အားများ ထပ်မံ တိုးချဲ့ချထားမှာကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။

“ပြန်ပြင်မယ်ဆိုရင်တော့ တပ်ဖွဲ့ ထပ်တိုးမယ်။ ကန့်သတ်နယ်မြေ ပိုများလာမယ်။ မိုင်းထောင်မယ်။ အဲဒါတွေတော့ သေချာတယ်။ စက်ရုံထက် ဂျပန် ပညာသည်တွေကို သူတို့ ပိုအလေးထားတယ်။ သူတို့ ရောက်လာရင် ကျနော်တို့ ရွာသားတွေအတွက် သွားလာမှု တအားအခက်ခဲ ဖြစ်တယ်” ဟု လောပိတ စက်ရုံး အနီးရှိ လောပိတ ဒေသခံ တဦးက ပြောသည်။

ဒုတိယ ကမ္ဘာစစ်ပြီးနောက် ဂျပန်သည် မြန်မာနိုင်ငံအား စစ်လျော်ကြေး ပေးသည့် အနေဖြင့် လောပိတ ရေးအားလျှပ်စစ် အမှတ် ၂ စက်ရုံကို ဂျပန်နိုင်ငံ၏ ODA ဖွံ့ဖြိုးရေး အကူအညီဖြင့် လွိုင်ကော်မြို့နယ်အတွင်း လောပိတကျေးရွာ အနီးရှိ ဘီလူးချောင်း၏ လောပိတ ရေတံခွန် အောက်ဘက်တွင် ဆောက်လုပ်ပေးခဲ့သည်။

ထိုရေအားလျှပ်စစ် စက်ရုံကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး အဆင့် နှစ်ဆင့်ဖြင့် ဆောက်လုပ်ထားသည်။ ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းများကို ၁၉၆၀ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး ဒုတိယအဆင့်ကတော့ ၁၉၇၄ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါ၀ပ်ကို ထုတ်လုပ်ပေးလျက်ရှိသည်။

ကရင်နီပြည်နယ်တွင် လောပိတ ရေအားလျှပ်စစ် စက်ရုံ အမှတ် ၁ နှင့် အမှတ် ၂ ရှိသော်လည်း ထွက်ရှိ သော လျှပ်စစ်ဓါတ်အားများကို အများအားဖြင့် မြန်မာပြည် အထက်ပိုင်းနှင့် အလယ်ပိုင်းသို့ အဓိက ပို့ဆောင်သွားပြီး ဒေသခံကရင်နီပြည်သူ ၈၀ ရာခိုင်နှုန်းမှာ ယနေ့အထိ လျှပ်စစ်မီး မရရှိကြသေးကြောင်း KDRG ၏ အစီရင်ခံစာအရ သိရသည်။