ရေကြီးမှုမှတဆင့် ကလေးများ ၀မ်းရောဂါကူးစက်ခံရ

ရေကြီးမှုမှတဆင့် ကလေးများ ၀မ်းရောဂါကူးစက်ခံရ
by -
နှောင်းလှိုင်

ကရင်နီပြည် လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စု တာဝကျေးရွာတွင် ရေကြီးမှုမှတဆင့် မသန့်ရှင်းသည့် ရေသောက်သုံးမိသဖြင့် ရွာသား ၃၀ ကျော် ၀မ်းလျှော ရောဂါ ကူးစက်ခံရပြီးအများစုမှာ ကလေးငယ်များ ဖြစ်သည်။

loikawflood_phayarniပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးလာပြီး တာဝကျေးရွာ သောက်ရေကန်ထဲသို့ စီးဝင်သွားသည်။ ရေကန်ထဲမှရေများ သောက်သုံးမှုကြောင့် ၁၀ နှစ်အောက် ကလေးအရွယ် ၂၀ ကျော်နှင့် လူကြီး ၁၀ ဦးကျော် ၀မ်းလျှောဝမ်းကိုက်ရောဂါ ခံစားနေကြသည်။

“ကျနော်တို့ရွာက ရေလောင်ကန်ကိုပဲ သုံးကြတယ်။ အပေါ်က ဆင်းလာတဲ့ မိုးရေဟာအဲဒီကန်မှာဝင်လာ လို့ ရေတအား နှောက်တယ်။ လူရော၊ ကျွဲနွားရော အဲဒီမှာပဲ ချိုးကြ သောက်ကြနဲ့ ရောဂါပိုး ရကြတယ်” ဟု တာဝကျေးရွာမှ ဒေသခံတဦးက ပြောသည်။

၀မ်းလျှောရောဂါခံစားနေသော သူများသည် စိုးရိမ်ဖွယ်တစုံတရာ မရှိသော်လည်း ၀မ်းရောဂါဖြစ်ပါက မကြာခဏ ၀မ်းအရည်သွားခြင်း၊ မျက်တွင်းခြိုက်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း စသည့်လက္ခဏာများ ဖြစ်တတ်သည်။

ကရင်နီနယ်လှည့်ဆေးမှူးအဖွဲ့မှ ၀မ်းရောဂါခံစားနေသော သူများအား ရောဂါပျံ့ပွားမှုမရှိစေရန်ကျန်းမာ ရေးပညာပေးခြင်း၊ ဆေးကုသပေးခြင်းများ ပြုလုပ်ပေးနေသည်ဟု ကရင်နီ နယ်လှည့် ကျောပိုးအိတ်အဖွဲ့မှ ဆေးမှူးလှချေးက ပြောသည်။

“တရက် နှစ်ရက်အတွင်းမှာ ဆေးမှူးတွေ ရောက်သွားလို့ အသေအပျောက်တော့ မရှိဘူး။ တခြားရွာမှာ တော့ ၀မ်းပန်းတာ မရှိဘူး။ တယောက်စ နှစ်ယောက်စ လောက်ပဲ ဖြစ်တယ်” ဟု ကရင်နီ နယ်လှည့် ကျန်းမာရေးအဖွဲ့မှ တာဝန်ခံ ခူဒယ်နီယာက ပြောသည်။

မြို့နှင့် အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တာဝကျေးရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး လူဦးရေ ၁၀၀ ကျော် ရှိသည်။