ကရင်နီနှင့်အစိုးရတပ်တို့၏ တိုက်ပွဲ နှစ်ဦးနှစ်ဖက်ကျဆုံးမှုရှိ

ကရင်နီနှင့်အစိုးရတပ်တို့၏ တိုက်ပွဲ နှစ်ဦးနှစ်ဖက်ကျဆုံးမှုရှိ
by -
နှောင်းလှိုင်

ကရင်နီပြည် ဖရူဆိုမြို့နယ် အစိုးရစစ်တပ်အခြေစိုက် သည့် ပန်ချွန်တပ်စခန်းတွင် ကရင်နီတပ်မတော်နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဦးနှစ်ဖက် ကျဆုံးမှုများရှိသည်ဟု သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၂၀ အချိန်တွင် ကရင်နီပြည်တပ်မတော်မှ ပန်ချွန် တပ်စခန်းကို ၀င်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ပြောသည်။

karennisoldiers“သူတို့တွက်ထားတာက အကွက်ပိုင်ရင် သိမ်းလို့ရမယ်။ ဒါပေမယ့် သူတို့ ၀င်တိုက်တာ မှားသွားတယ်။ ကျနော်တို့ဖက်မှာ တယောက်ဆုံးသွားတယ်။ ရန်သူဘက်မှာ တယောက်ကျဆုံးတယ်။ နှစ်ယောက် ဒဏ်ရာရတယ်” ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

တိုက်ပွဲတွင် အစိုးရစစ်တပ်မှ ခြေမြန်တပ်ရင်း (ခမရ) ၃၃၇ မှ ဗိုလ်ထက်ညီညီဝင်းနှင့် တပ်သား ကောင်းတင်ထက် ဒဏ်ရာရပြီး ဒု-အရာခံ ဗိုလ်မောင်နီ ကျဆုံးသွားပြီး ဗိုလ်စိုးရယ် ဦးဆောင်သည့် ကရင်နီတပ်မတော် ပူးပေါင်းတပ်ဖွဲ့မှ ဒု-ဗိုလ်မောဖူးကျဆုံးပြီး ဒု-တပ်ကြပ်တဦး ဒဏ်ရာရသွားသည်။

“တိုက်ပွဲကတော့ ဖြစ်နေရမှာပဲလေ။ ဗမာပြည် နိုင်ငံရေးမပြောင်းလဲမချင်းကတော့ တိုက်နေရအုံးမှာပဲ” ဟု ကရင်နီသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခူဒယ်နီယာက ပြောသည်။

တိုက်ပွဲဖြစ်သည့်နေရာတွင် နန်းဖဲ နှင့် ထားလဲကြားရှိ ပန်ချွန်တပ်စခန်းတွင် ဖြစ်ပြီး ဖရူဆိုမြို့နယ်မှ မြန်မာ အစိုးရမှ ပြည်သူပိုင် လယ်ယာမြေများ သိမ်းဆည်းသည့် နေရာနှင့် နီးသည်ဟု ၄င်းကပြောသည်။

ဖရူဆိုမြို့နယ် လယ်မြေများ သိမ်းဆည်းထားသည့်နေရာတွင် ယခင်က အစိုးရစစ်တပ် ခြေမြန်တပ်ရင်း ခမရ ၅၇၅ နှင့် ခမရ ၅၇၆ တို့ လှုပ်ရှားနေပြီး မကြာသေးခင်က ခမရ ၄၂၈ တပ်ရင်း ထပ်တိုးလာကြောင်း ထိုနေ ရာသည် ယခုအချိန်တွင် မြန်မာအစိုးရစစ်တပ်မှ စစ်ကြောင်းအားလုံး  ၆ ကြောင်း ချထားပြီး စစ်ကြောင်း တကြောင်းလျှင် လူအင်အား အယောက် ၄၀ ခန့်ရှိသည်ဟု ခူဒယ်နီယာက ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ ခွဲထွက်သည့်ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတ ယခုနယ်ခြားစောင့်တပ်အမှတ်- ၁၀၀၅ အခြေချသည့် ပန်ကန်းတွင် အမည်မသိ အဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံပြီး တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာနယ်ခြား စောင့်တပ်မှ တပ်သား ဂျိုးဇက် တဦး သေဆုံးကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း ကရင်နီပြည် ဖရူဆိုမြို့နယ် ဒေါတနောကျေးရွာတွင် ကရင်နီပြည်တပ်မတော်မှ ပျောက်ကျားတပ်နှင့် မြန်မာအစိုးရတပ်ဖွဲ့ ခလရ ၂၅၀ တို့ရင်ဆိုင်တိုက်ပွဲဖြစ် ပွားခဲ့သည်။