ကရင်နီကျေးရွာ ၂ ရွာမှ ကလေးအယောက် ၂ဝဝ ခန့် ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေရ၊ ၂ ယောက် သေဆုံး

ကရင်နီကျေးရွာ ၂ ရွာမှ ကလေးအယောက် ၂ဝဝ ခန့် ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေရ၊ ၂ ယောက် သေဆုံး
by -
ကေအိတ်ဆ်ဒီ

ကရင်နီပြည်ရှိ မြို့နယ် ၂ ခုမှ ကျေးရွာ ၂ ရွာတွင် အသက် ၁၅ နှစ်အောက် ကလေးအယောက် ၂ဝဝ ခန့် ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေရပြီး ၂ ဦး သေဆုံးခဲ့ပြီဟု နယ်မြေခံ ကရင်နီကျန်းမာရေးကြီး ကြပ်ရေးမှူးများက ပြောပြသည်။

shandaw

ကြက်ညှာချောင်းဆိုးရောဂါသည် ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်နိုင်ကာ စက်တင်ဘာလလယ်ပိုင်းမှ စ၍ ဖာဆောင်မြို့နယ် ထူးကထူးကျေးရွာတွင် ကလေး ၉ဝ ကျော်နှင့် ရှားတောမြို့နယ် ဒေါတနော ကျေးရွာတွင် ကလေး ၁ဝဝ ကျော် ကူးစက်ခံနေရပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကြီးကြပ်ရေးမှူးများက ဆိုသည်။

“ကျနော့် အတွေ့အကြံုအရ ဒါဟာ ကြက်ညှာချောင်းဆိုးရောဂါလို့ ပြောလို့ ရပါတယ်။ ဓါတ်ခွဲ စမ်းသပ်မှုနဲ့ အတည်ပြုတာတော့ မဟုတ်ဘူး။ ဖြစ်တဲ့ လက္ခဏာအားလုံးကို ကြည့်လိုက်ရင် ဒီအတိုင်းပါပဲ။ ကလေးတွေပဲ အဖြစ်များပြီး ကိုယ်ခံအား ပိုရှိတဲ့ လူကြီးတော့ ဖြစ်တာ မတွေ့ရဘူး” ဟု ဖာဆောင်းမြို့နယ် အမှတ်၂ ခရိုင် ကြီးကြပ်ရေးမှူး ဖိလစ်က ပြောသည်။

ရှားတောမြို့နယ် ကြီးကြပ်ရေးမှူး လှချေးက “ကလေးအားလုံးလိုလို ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးတယ်။ အသက်ပြန်ရှူသွင်းတဲ့အခါ အသံ ကျယ်တယ်။ ချောင်းဆိုးပြီးတိုင်း အန်တယ်။ မျက်လုံးတွေမှာ သွေးခြေဥ ဖြစ်တာ တွေ့ရတယ်။ အဖျား နည်းနည်း တက်တယ်” ဟု ပြောသည်။

ယခု ဖြစ်ပွားနေသော ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်နိုင်ရန်အတွက် လက်တလောတွင် နယ်လှည့် ကရင်နီဆေးမှူးများက ကျေးရွာလူထုများအား ကျန်းမာရေးပိုင်းဆိုင်ရာ ကာကွယ်တာဆီးနည်းများကို ပညာပေးခြင်း၊ ကူးစက်ခံနေရသူများအား ဆေးဝါးများဖြင့် ကုသပေးခြင်းတို့ကို ပြုလုပ်ပေးကြောင်း ကြီးကြပ်ရေးမှူးများက ဆက်ပြောသည်။

လက်ရှိတွင် ထိုဒေသ ၂ ခုမှ ရွာသူရွာသားများသည် ဝမ်းကိုက်ရောဂါ၊ ငှက်ဖျားရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း အဖြစ်များကြသည်ဟု ဆိုသည်။

ထူကထူးရွာသည် ကရင်နီနှင့် ကရင်ပြည်နယ် နယ်စပ်ဘက်မှာ တည်ရှိပြီး အိမ်ခြေ ၆ဝ နှင့် ရွာသူရွာသား ဦးရေ ၃၄၇ ဦးခန့် ရှိသည်။ ဒေါတနောရွာသည် ကရင်နီနှင့် ရှမ်းပြည်နယ် နယ်စပ်ဘက်တွင် တည်ရှိကာ အိမ်ခြေ ၈၄ အိမ်နှင့် ရွာသူရွာသားဦးရေ ၄၈၅ ဦးခန့် ရှိသည်။

ထိုကျေးရွာ ၂ ရွာသည် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး မြန်မာအစိုးရ ကျန်းမာရေး ဝန်ထမ်းများ မရောက်ရှိနိုင်သော ဒေသများ ဖြစ်သည်။