လွိုင်ကော်တွင် ရေဘေး ဒုက္ခ တစ်လနီးပါး ကြာမြင့်လာ

လွိုင်ကော်တွင် ရေဘေး ဒုက္ခ တစ်လနီးပါး ကြာမြင့်လာ
by -
နှောင်းလှိုင်

ကရင်နီပြည်နယ်တွင် မိုးဆက်တိုက် ရွာသွန်းနေ သည့်အပြင် မိုးဗြဲဆည်ရေပါ ဖောက်လွှတ်နေသဖြင့် ဘီလူးချောင်း ရေလျှံပြီး လွိုင်ကော်မြို့ခံ အများ အပြား ရေဘေးဒုက္ခ ဆက်တိုက်ကြုံနေရသည်။ ဘီလူးချောင်း နံဘေး ရပ်ကွက်များမှ ဒေသခံ ၁၀၀၀ ကျော် ထိုသို့ ရေဘေးဒုက္ခကြံုနေရသည်မှာတစ်လ နီးပါး ရှိပြီဟုဒေသခံ တဦးက ပြောသည်။

loikawfloodမိုးဆက်တိုက် ရွာသွန်းမှုကြောင့် လွိုင်ကော်မြို့အထက် အမြင့်ပိုင်းရှိ မိုးဗြဲဆည်ရေမှာ စိုးရိမ်ရေအမှတ် ရောက်လာ သဖြင့် စက်တင်ဘာလ ၃ ရက်နေ့မှ စပြီး ယခုအချိန်အထိ ဘီလူးချောင်းထဲသို့ ဆည်ရေ ဖောက်ချနေရသည်ဟု လွိုင်ကော် မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဆည်က ရေလွှတ်တာ နည်းနည်းတော့ များတယ်။ မိုးများတာရယ်၊ တောင်ကျချောင်းက ရေများတာရယ်၊ ချောင်းရေတွေ ထွက်စရာ နေရာမရှိလို့ ဘီလူးချောင်းထဲကို (ဆည်ရေတွေ ဖောက်) လွှတ်လိုက်တာ”ဟု ၎င်းက ပြောပြသည်။

လွိုင်ကော်မြို့အလယ်ကို ဖြတ် စီးဆင်းနေသော ဘီလူးချောင်း၏ အရှေ့ဘက် မြေနိမ့်ပိုင်းရှိ ဒေါနိုးကူး၊ ရွှေတောင်၊ ရှမ်းပိုင်း၊ မင်းစုနှင့် နမ့်ကွတ်စသည့် ရပ်ကွက်များမှ နေအိမ်တချို့ ရေနစ်မြုပ်နေသည်ဟု ဒုက္ခသည်များကို အကူညီပေးနေသည့် သာသနာရေးဆိုင်ရာအသင်းတသင်းက ပြောသည်။

“နှစ်ထပ်အိမ်တွေဆိုရင် တဝက်လောက် (ရေ) ရောက်တယ် (အောက်ထပ် မြုပ်နေပြီ)။ နေလို့ မရတော့ဘူးပေါ့။ ကျန်းမာရေးအဖွဲ့တွေ သွားထိုင်ပေးတဲ့အတွက် ကျန်းမာရေးအရတော့ အခက်အခဲ မရှိသေးဘူး”ဟု ၎င်းသာသနာအသင်း တာဝန်ရှိသူက ဆိုသည်။

ရေဘေးဒုက္ခသည်စခန်း ဖွင့်ပေးထားခြင်း မရှိသေးသော်လည်း ခရစ်ယာန်သာသနာရေးအသင်းနှင့် ပြည်တွင်း NGO အဖွဲ့များက ကူညီခြင်းများ၊ ရပ်ကွက် အလိုက် စေတနာရှင်များက လှူဒါန်း ကူညီခြင်းများပြုလုပ်ပေးနေ သည်ဟုလည်း သိရသည်။

ရေဘေးဒုက္ခသည်များသည် ကုန်းမြင့်ပိုင်းကျသည့် မင်းစုကုန်းပိုင်း၊ နောင်ယား စသည့် ရပ်ကွက်များသို့ ယာယီ သွားနေကြရသည်ဟု ဒေသခံများက ပြောသည်။

ရေဘေးကြောင့် တခြားနေရာသို့ သွားရောက်အိမ်ငှားနေသည့် ဒေါနိုးကူး ဒေသခံတဦးက“အိမ်က ရေဝင်တာ အခုဆိုရင် သုံးရက်လောက်ရှိပြီ။ ရေ ထပ်လွှတ်မယ်ဆိုရင်တော့ (မလွယ်တော့ဘူး)။ တချို့လည်း အမျိုး အိမ်တွေ သွားနေကြတယ်၊ တချို့လည်း အိမ်ငှားနေကြတယ်။ ချောင်းဘေးနားက အိမ်တွေဆို အကုန်ပြောင်းကုန်ကြပြီ”ဟု ပြောသည်။

လွိုင်ကော်မြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် ဘုရားနီ၊ ဘုရားဖြူနှင့် ဖောင်းတောရွာများတွင်လည်း နေအိမ် ၁၅၀ ကျော် ရေနစ်မြုပ်ဆဲ ဖြစ်သည်။