ကရင်နီပြည် မော်ချီး မြို့နယ်အတွင်းရှိအစိုးရစစ် တပ်က စစ်ကြောင်းသွားလာရာတွင် ၎င်းတို့အတွက် လုံခြံုရေး အကာအကွယ်အဖြစ်ဒေသခံပြည်သူများ အား အသုံးချမှုများရှိသည်။
မော်ချီးမြို့နယ် ကူးသရိုးရွာတွင် ဇူလိုင်လ ၂၀ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) တပ်မတော်နှင့် အစိုးရစစ်တပ် ခြေလျင် တပ်ရင်း (ခလရ) ၁၃၄ စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံရွာသား ၁၀၀ ကျော်အား အစိုးရစစ်တပ်က ဘုရားကျောင်းတွင်ခေါ်စုပြီး မော်ချီး ဌာနချုပ်သို့ခေါ် ဆောင်သွားရာတွင် “လူသားဒိုင်းများသဖွယ်” ခေါ်ဆောင်ခံရသည်ဟု ကူးသရိုး ရွာသားတဦးက ပြောသည်။
“ရွာသား အားလုံး ခေါ်စုတယ်။ ရှေ့မှာ ရွာသား နှစ်ယောက် သွားခိုင်းပြီး သူတို့(စစ်သား)သုံးယောက်သွား တယ်။ ပြီးတော့ ရွာသားတယောက် နှစ်ယောက် (ပြီးတော့ စစ်သား)၊ အဲဒီလို ကြားညှပ်ပြီးတော့ သွားတယ်” ဟု ၎င်းက ပြောပြသည်။
အစိုးရစစ်တပ်သည် ကရင်နီတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပါက နယ်မြေအတွင်း ကရင်နီတပ်မတော်၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ ရွာသားများအား သတင်းပို့ခိုင်းခြင်း၊ ရွာထဲတွင်အိပ်ပါက ရွာသားများအား စစ်သားများအကြား ကြားညှပ်အိပ်ခိုင်းခြင်း၊ ကရင်နီတပ်မတော်မှ
လာရောက်ပစ်ခတ်မှု မရှိစေရန် ရွာသားများအား တားခိုင်းခြင်းနှင့် ၎င်းတို့အတိုက်ခံရလျှင် ကျေးရွာအား မည်သို့အန္ကရာယ်ပေးမည် စသဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ကရင်နီပြည် အမှတ်၂ ခရိုင်မှ ကရင်နီတပ်မတော်သား တဦးကလည်း ပြောသည်။
အစိုးရတပ်သည် ရောက်သည့်အရပ်တွင် ၎င်းတို့လုံခြံုရေးအတွက် ဒေသခံများအား လမ်းပြခိုင်းခြင်း၊ ပေါ်တာအဖြစ် ခေါ်ယူခြင်းများလည်း ပြုလုပ်လေ့ရှိသည်ဟု အမှတ်၂ ခရိုင်တွင် ကယ်ဆယ်ရေး တာဝန် ထမ်းဆောင်နေသော ဦးဖားမူးက ပြောသည်။
လမ်းပြခိုင်းရာ၌ “သူတို့ လမ်းပြအနေနဲ့ ခေါ်တယ်။ ဒါမယ့် သူတို့ပို့တဲ့လမ်းက တိုက်ပွဲ မဖြစ်(စေ)ရဘူး။ တိုက်ပွဲတစုံတရာ ဖြစ်ရင် အဲဒီလူကို အရေး ယူတယ်” ဟု ပြောသည်။
ကရင်နီပြည် အမှတ်၂ ခရိုင် ဂေလိုရွာမှ ဒေသခံ အမျိုးသမီးကြီး တဦးကလည်း ပေါ်တာအဖြစ် အခိုင်းခံရ ခြင်းနှင့် ပတ်သက်သက်၍ “ပစ္စည်းလွယ်ခိုင်းတယ်လေ၊ ပေါ်တာလုပ်ခိုင်းတယ်၊ အဒေါ်တို့တွေ သွားရတယ်။ အဒေါ်တို့ ခေါင်းဖြူတာတောင် လိုက်ပို့နေရတာပဲ” ဟု ပြောသည်။
လောလောဆယ် ကရင်နီပြည်နယ်တွင် အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။