တောလိုက်သူ ရွာသားများကို အစိုးရတပ် ထပ်မံပစ်ခတ်၍ တဦးဒဏ်ရာ

တောလိုက်သူ ရွာသားများကို အစိုးရတပ် ထပ်မံပစ်ခတ်၍ တဦးဒဏ်ရာ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ရှားတောမြို့နယ်တွင် တောလိုက် သော ရွာသား ၆ ဦးကို ပြီးခဲ့သည့် ၂၃ ရက်နေ့က မြန်မာ အစိုးရတပ် ထပ်မံပစ်ခတ်ခဲ့၍ ရွာသားတဦး ဒဏ်ရာရခဲ့သည်။

a-villager-in-mid-karenniတောလိုက်သော ရှားတောမြို့နယ်မှ ယင်းရွာသားများသည် ရှားတောမြို့နယ်အတွင်း၌ လှုပ်ရှားသော အစိုးရတပ် ခမရ ၅၃၁ နှင့် တောတွင်း တနေရာတွင် တိုး၍ ပစ်ခတ်ခံရမှုကြောင့် ရွာသားချိုရယ်ကိုထိမှန် ဒဏ်ရာခဲ့ခြင်း ဖြစ်သည်ဟု အတူတောလိုက်ခဲ့သူ ဖရေရယ်က ပြောသည်။

“ကျနော်တို့ နအဖ စစ်တပ်တွေနဲ့ နီးနီးကပ်ကပ် သွားတိုးတာ။ ပြေးလည်း မပြေးမှီတော့ဘူး။ သူတို့လည်း ကျနော်တို့ကို ပစ်လိုက်တော့ တယောက် ထိသွားတယ်။ သူ့တင်ပါးမှာ ထိတယ်။ ကျည်ဆံက အထဲမှာ ဝင်ကျန်နေတယ်” ဟု သူက ပြောသည်။

အစိုးရစစ်တပ်များက ပစ်ခတ်ခဲ့သည့်အတွက် အဆိုပါ ရွာသားတဦးအား ထိမှန်ဒဏ်ရာခဲ့သော်လည်း သူ့ကို ကူညီလွတ်မြောက်နိုင်ခဲ့သည်ဟု ဖရေရယ်က ဆက်ပြောသည်။

ပြီးခဲ့သည့် ၁၇ ရက်နေ့ကလည်း ရှားတောမြို့နယ်၌ အမဲလိုက်သော ရှားတောမြို့နယ်မှ ရွာသား ၄ ဦးကို အစိုးရတပ် ခလရ ၅၄ က ပစ်ခတ်ခဲ့၍ ရွာသား ဦးရယ် ဆိုသူက သေဆုံးခဲ့သည်။

ရှားတောမြို့နယ်အတွင်းတွင် တောလိုက်သော ရွာသားများကို အစိုးရတပ်များက ပစ်ခတ်ခဲ့သည်မှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ တောလိုက်သော ရွာသားများမှာ အစိုးရတပ်များ၏ ပစ်ခတ်မှုနှင့် မြေမြုတ်မိုင်းထောင်ထားမှု ကြောင့် သေဆုံးသူနှင့် ဒုခိတ ဖြစ်သွားသူများလည်း ရှိပါသည်။