ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် တွေ့ဆုံမှုသည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းသော လက္ခဏာ ဖြစ်သော်လည်း ကရင်နီတိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးရှိရန် မမျှော်လင့်နိုင်ကြောင်း KNPP က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့၏ တွေ့ဆုံမှုသည် အခြားတိုင်းရင်းသားများနှင့် ကရင်နီ ပြည်သူများအတွက် မျှော်လင့်ချက် တစုံတရာ မရှိနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အနေဖြင့် တစုံတရာ လုပ်ဆောင်ခွင့် လမ်းစများ ပွင့်လာနိုင်သည်ဟုကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၁ ခူဦးရယ်က ဆိုသည်။
“ဘာမှ မတွေ့တာနဲ့ စာရင် အခုလို တရားဝင်တွေ့ခွင့် ရှိတော့ ပြောချင်သိချင်တဲ့ ကိစ္စတွေ သူတို့ ပြောလို့ တင်ပြလို့ ညှိနှိုင်းရှင်းလင်းတဲ့ အခွင့်အလမ်းတွေ ရလာမယ်” ဟု ခူဦးရယ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာ၌ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် တစ်နာရီကျော်ကြာ တွေ့ဆုံပြီး တရားဥပဒေစိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများ ဆွေးနွေးဖြစ်သည်ဟု နှစ်ဘက် သဘောတူ ထုတ်ပြန်ချက်၌ ပါရှိသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က နှစ်ဖက်ပူးတွဲ ထုတ်ပြန်ချက်၌ သင့်လျော် သော ရက်တွင် ထပ်မံဆွေးနွေးရန် သဘောတူညီမှု ပါရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး၂ ဘက်စလုံးက အပြုသဘော ရှုမြင်၍ ကျေနပ်အားရမှုရှိကြောင်း ပြောသည်။
ယင်းတွေ့ဆုံပွဲကို ကရင်နီလူငယ်များကလည်း စိတ်ဝင်တစား နားစွင့်နေခဲ့ကြသည်။
“ကျနော် ကရင်နီလူတစ်ယောက် အနေနဲ့ လက်ရှိ အခြေအနေနဲ့ဆို အမျိုးသားပြန်လည်သင့်မြတ်ဖို့တကယ် ပဲ လိုလားပါတယ်။ လက်တွေ့မှာလည်း အကောင်အထည် ဖော်ခိုင်းစေချင်တာပေါ့” ဟု ကရင်နီလူငယ် ခူးလျားရယ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ထိ ၉ ကြိမ်တွေ့ဆုံခဲ့ပြီး အစိုးရသစ် တက်လာပြီး နောက် ပထမဆုံးအကြိမ်အဖြစ် ယခု တွေ့ဆုံခြင်း ဖြစ်သည်။
ဦးအောင်ကြည်သည် ယခင် စစ်အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီး အနေဖြင့်ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း ယခု တွေ့ဆုံရာတွင် မည်သည့် တာဝန်အဆင့်ဖြင့် တွေ့ဆုံသည်ကို ရှင်းလင်းစွာ မသိရှိရပေ။