ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါနိုးကူးကျေးရွာ တွင် နေထိုင်သော အသက် ၄၀ ကျော် အရွယ် ရွာသားတစ်ဦးအား သူပုန်နှင့် ဆက်သွယ်မှု ရှိသည် ဆိုသည့် မသင်ကာမှုဖြင့် ယခုလအစောပိုင်းက အစိုးရတပ်မှ ဖမ်းဆီးထားကြောင်း သိရသည်။
ဒီးမော့ဆိုမြို့ ငွေတောင်၌ တပ်စွဲထားသော အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၁၀၂ သည် အဆိုပါ ရွာသားတစ်ဦးအား ဒေါဒီးပိုးကျေးရွာတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီ ပြည်ထဲရေးဌာနမှ ပြောခွင့်ရ ဗားမားနိုင်က ပြောသည်။
“သူက ဒီအရှေ့ဘက်ကမ်းမှာ လာနေဖူးတယ်။ ဒါပေမဲ့ သူက ကရင်နီ ရဲဘော်တော့ မလုပ်ဖူးဘူး။ သူအနောက်ဘက်ကမ်းမှာ ပြန်နေတော့ လူများ တယောက်ယောက် သူ့ကို မနာလိုတာလား မသိဘူး။ အစိုးရတပ်ရဲ့ လူတွေက သူ့ကို မကျေနပ်လို့ တိုင်ကြားပြီး ဖမ်းခိုင်းတာ၊ ညွန်းဖမ်းတာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
ထိုရွာသားကို အစိုးရတပ်က ၎င်းတို့ တပ်တွင်း၌ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေကြောင်း၊ထိုရွာသား တဦး အဖမ်းခံရခြင်းမှာ အစိုးရထံ အလင်းဝင်ပူးပေါင်းထားသော ကရင်နီတပ်ဖွဲ့၏ စီမံဆောင်ရွက်မှုလည်း ပါဝင်နိုင်ကြောင်း ဆိုသည်။
ထိုရွာသားတဦးသည် သူ့ကျေးရွာ၌ နေထိုင်ရာတွင် လယ်ယာ လုပ်ငန်းများကို လုပ်ကိုင်စားသောနေသူ တဦးဖြစ်ကြောင်း၊ သူသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီ အသိုင်းအဝိုင်းတွင်းလည်းလာရောက်နေထိုင် ခဲ့ဖူးသူတဦးဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သူ တဦးက “သူဒီမှာ လာနေတုန်းက အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး သူဘာမှ မလုပ်ဘူး။ သူစီးပွားရေးပဲ လုပ်တယ်။ ဆိုင် ဖွင့်တယ်။ ပစ္စည်းတွေ ရောင်းတယ်” ဟု ပြောသည်။
ယခင်နှစ် ဒီဇင်ဘာလတွင်လည်း ကရင်နီအရှေ့ဘက်ကမ်း၌ လာရောက်နေထိုင်ဖူးသူ လွိုင်ကော်မြို့မှကရင်နီ လူငယ်များ ဖြစ်သော တိုးရယ်နှင့် ခွန်းယိုတို့အား အစိုးရနှင့် ပူးပေါင်းထားသော ကရင်နီတပ်ဖွဲ့နှင့်အစိုးရ တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။