ကရင်နီပြည်ဖာဆောင်းမြို့နယ် ထီးဒူးခီးစခန်းတွင် အခြေချသည့် မြန်မာအစိုးရတပ်စခန်းအားကရင်နီ တပ်မတော် စစ်ဦးစီးတပ်မှဝင်ရောက်တိုက်ခိုက်ပြီး နောက်စစ်တပ်မှရွာထဲသို့လက် နက်ကြီး များဖြင့် လှမ်းထု၍ရွာသားများဒဏ်ရာရရှိ ခဲ့ကြသည်ဟု သိရသည်။
ဇွန်လှိုင်လ ၆ ရက်နေ့က ကရင်နီစစ်ဦးစီးတပ်မှ စောဆာနီ ဦးဆောင်တပ်မှ တပ်ရင်းမှူး ကိုကိုနိုင်ဦး ဆောင်သည့် ခလရ ၁၃၄ တပ်စခန်းအား ပြောက်ကျားနည်းစနစ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့ပြီးမိနစ်ပိုင်း အကြာမှာပင် အစိုးရတပ်မှ အနီးအနားရှိ မူးလော်ပါရွာအား လက်နက်ကြီးများဖြင့် လှမ်းထုခြင်းကြောင့် သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုဒေသခံများက ဆိုသည်။
“နှစ်ယောက် ဒဏ်ရာရတယ် ဒဏ်ရာ နည်းနည်းပြင်းတယ်။ လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်၊ အဲဒီလူကြီး အသက် ၅၀ ၀န်းကျင်လောက်ရှိမယ်” ဟု ဖာဆောင်းမြို့နယ် မော်ချီးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ဒဏ်ရာရှိကြသည့် ကလေးတစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးအား လွိုင်ကော်ဆေးရုံသို့ တင်ပို့ထားသည်ဟု သိရသည်။
“တိုက်ပွဲက ကျနော်တို့ရဲဘော်က သွားပြီး ပြောက်ကျားပစ်တယ်။ အဲဒီစခန်းကိုသွားပြီးပြောက်ကျားပစ် တယ်။ ရန်သူဖက်က တစ်ယောက်ကျတယ်” ဟု ကရင်နီတပ်မတော်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခု ၂၀၁၁ ခုနှစ်အတွင်း ခလရ ၁၃၄ တပ်ရင်းအခြေချထားသည့် ထီးဒူးခီးတပ်စခန်းအား ကရင်နီတပ်မှ ယခုတစ်ခေါက်ပါဆိုလျှင် ၆ ကြိမ်တိုင် ပြောက်ကျားနည်းဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။
ထီးဒူးခီးတပ်စခန်းအား ကရင်နီဘက်မှ ၀င်ရောက်မသိမ်းနိုင်ရန် တိုက်ပွဲဖြစ်တိုင်း ယခုလိုအနီးအနားရှိရွာ များသို့ လက်နက်ကြီးများဖြင့်လှမ်းထု၍ ရွာသားများအားခြိမ်းခြောက်သည်ဟုကရင်နီတပ်မတော်က ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ရှားတောမြို့နယ်အခြေစိုက် ခမရ ၃၃၂ မှ တပ်သားနှစ်ဦးလက်နက် အပြည့်အစုံဖြင့် ကရင်နီတပ်မတော်ထဲသို့ ထွက်ပြေးလာခဲ့သည်။ ရှားတောမြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်း၌ အစိုးရစစ်တပ်နှင့် ကရင်နီတပ်တို့အကြား တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။