အပစ်ရပ်အဖွဲ့ ဖြစ်သော ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ)သည် မြန်မာစစ်အစိုးရ ဖိအားပေးနေသော နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို လက်မခံသည့် အတွက် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေဒေသများတွင် စစ်တပ်အင်အားများ တိုးချဲ့ချထားလာပြီး ယခင်ကထက် ပိုမိုလှုပ်ရှားလာကြောင်း စုံစမ်းသိရှိရသည်။
စစ်အစိုးရသည် ကေအဲန်အယ်လ်ပီအား လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ် ပြောင်းလဲရေး စသည့် ဖိအားပေးမှုများကို တောင်းဆိုလေ့ရှိသော်လည်း ကေအဲန်အယ်လ်ပီ အနေဖြင့် လက်မခံနိုင်သောကြောင့် ယခုလို လက်နက်နှင့် လူအင်အားတို့နှင့် ခြိမ်းခြောက်လာရခြင်း ဖြစ်နိုင်သည်ဟု ကယန်းလူငယ်မျိုးဆက်သစ်အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဇာနည်က ပြောသည်။
၎င်းက “သူတို့က အဓိက ကျနော်တို့ရဲ့ ကယန်းလူမျိုးပေါ့နော့် မျိုးဖြုတ်ချဖို့လည်း ဖြစ်နိုင်တယ်။ နောက်တခုက ကယန်းပြည်သစ်ပါတီကို အပစ်ခတ်ရပ်စဲရေး မထားခိုင်းစေလိုဘူး။ နောက်ပြီးတော့ လူမျိုးကြီးဝါဒ ပြောရမလား ကျနော်တို့ တိုင်းရင်းသာဒေသတွေမှာ သူတို့က အုပ်စိုးမှု နေရာလုချင်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ဒေသမှာ ရှိတဲ့ သယံဇာတတွေ ထုတ်ယူချင်လည်း ဖြစ်နိုင်တယ်။ အဲဒါတွေ သူတို့ ချုပ်ကိုင်ချင်လို့ အခုလို တပ်တွေ တိုးချဲ့လာတယ်လို့ ယူဆလို့ ရတယ်” ဟု ပြောပါသည်။
စစ်အစိုးရတပ်များသည် ကေအဲန်အယ်ပီ နယ်မြေဒေသများတွင် ယခင်က တပ်ရင်း ၁၀ ရင်းခန့်သာ တပ်စွဲလျက်ရှိကြောင်း၊ ယခု နောက်ပိုင်းတွင် တပ်အင်းအာများ ထပ်မံ တိုးချဲ့ချထားမှုများ ရှိခဲ့သော်လည်း မည်မျှ ရှိသည်ကို အတိအကျ မသိရှိရကြောင်း၊ ၎င်းတို့သည် အဓိက ပေါင်းလောင်း ဒေသ ဘက်တွင် တိုးချဲ့ချထားပြီး လှုပ်ရှားလျက် ရှိကြောင်း ဆိုသည်။
“တိုးချဲ့တပ်ကြောင့်၊ တိုးချဲ့လှုပ်ရှားနေတဲ့အတွက်ကြောင့် ကျနော့်တို့ ဒေသမှာပေါ့နော့်။ ခိုးမှုလုယက်မှုလည်း ရှိတယ်ဗျား။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ထဲသွက် ဆိုတဲ့ ရွာမှာလေ။ အဲဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး သားနဲ့ လက်တွဲ အမျိုးသမီးတဦးက ပစ္စည်းဥစ္စာ လုယက် ခံရတာလည်း ကျနော့်တို့ တွေ့နေရတယ်။ နောက် အခက်အခဲ တွေ ကြံုရတာလည်း ကျနော့်တို့ တွေ့ရှိရတယ်ပေါနော့်” ဟု ကိုဇာနည်က ဆက်ပြောပါသည်။
စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအား ကေအဲန်အယ်ပီ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်သည့် အပြင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးလည်း လက်မခံနိုင်ကြောင်း၊ သို့သော် အရပ်သားပါတီ အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်ရန် အလားအလာတော့ ရှိနေကြောင်း ကေအဲန်အယ်လ်ပီ အဖွဲ့ဝင် တဦးက ပြောသည်။
“မြန်မာစစ်အစိုးရဟာ နယ်ခြားစောင့်တပ်အဖြစ် သူတို့့ သတ်မှတ်ထားတဲ့ အဆင့်က ပြည်သူ့ဆက်ဆံရေးနဲ့ ပြည်သူ့ရဲ့ လက်အောက် ခံတွေနဲ့့ပဲ နေရမယ်ဆိုတော့ ကျနော်တို့့က ဘာမှ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့် မရှိတော့ဘူးလေ ဒါ၊ အဲလိုမျိုး အခြေအနေ ရှိတာပေါ့နော်၊ ဒါကြောင့်မို့့လို့ လက်မခံနိုင်ဘူးလို့ ကျနော်တို့ ပါတီတွေက အဲလိုမျိုး သဘောထား ထုတ်ထားတာပေါ့” ဟု ၎င်းက ပြောပါသည်။
ကေအဲန်အယ်လ်ပီသည် ပြည်တွင်း၌ မိမိ်၏ ပြည်သူလူထုများ ငြိမ်းချမ်းစွာ နေရေးထိုင်ရေး အဆင်ပြေရန်နှင့် စားဝတ်နေရေး ဖူလုံ ရေးအတွက် လွတ်လပ်စွာ လုပ်ကိုင် စားသောက်နိုင်ရန် ဆက်လက်၍ ငြိမ်းချမ်းရေး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဆိုသည်။
ငြိမ်းချမ်းရေး ပြုလုပ်ခြင်းသည် အမှန်တကယ် ပြည့်ဝသော ငြိမ်းချမ်းမှု၊ လွတ်လပ်မှု မရရှိသည့်တိုင်အောင် မယူခြင်းထက် စာလျှင် ပြည်သူလူထုအတွက် ပိုမို၍ အကျိုးရှိပြီး သက်သောက်သက်သာ ဖြစ်စေကြောင်း ကေအဲန်အယ်ပီ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ယခုလက်ရှိ အဖွဲ့ဝင်အင်အား ၁၄၉၆ ဦးခန့် ရှိနေသော ကေအဲန်အယ်လ်ပီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည်။