ကရင်နီ IDP၂၈ ဦး ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး လွတ်မြောက်

ကရင်နီ IDP၂၈ ဦး ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး လွတ်မြောက်
by -
ပါးရယ်
ကရင်နီပြည် အမှတ် ၂ ခရိုင်အတွင်းရှိ ကျေးရွာများတွင် မြန်မာစစ်တပ်များက လမ်းပြအဖြစ် အသုံးပြုရန် မကြာခဏ ဆင့်ခေါ်မှုကြောင့် မခံရပ်နိုင်တော့၍ ဒေသခံရွာသူ၊ သား ၂၈ ဦး တောတွင်းသို့ IDPအဖြစ် နှစ်နှင့်ချီ၍ ပုန်းအောင်း ...

ကရင်နီပြည် အမှတ် ၂ ခရိုင်အတွင်းရှိ ကျေးရွာများတွင် မြန်မာစစ်တပ်များက လမ်းပြအဖြစ် အသုံးပြုရန် မကြာခဏ ဆင့်ခေါ်မှုကြောင့် မခံရပ်နိုင်တော့၍ ဒေသခံရွာသူ၊ သား ၂၈ ဦး တောတွင်းသို့ IDPအဖြစ် နှစ်နှင့်ချီ၍ ပုန်းအောင်းရာမှ ယခုလအစောပိုင်းက ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလွတ်မြောက် လာကြသည်။

မြန်မာစစ်တပ်များသည် လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင်နေသော ကရင်နီတပ်မတော်များ တိုက်ခိုက် မည်ကို ကြောက်ရွံ့စိုးရိမ်၍ ရှေ့တန်းလမ်းပြရာတွင် ရွာသူ၊သားများအား ခေါ်ယူအသုံးပြုသည့်အတွက် နေအိမ် ကျေးရွာမှ တောထဲသို့ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် ယခုလိုထွက်ပြေးရခြင်းဖြစ်သည်ဟု တောထဲ၌ တနှစ်ကျော် ထွက်ပြေးပုန်းအောင်းနေခဲ့ရသော IDP ၂၈ ဦးထဲမှ တဦးကပြောသည်။

“ဟိုမှာဆို စစ်တပ်တွေ နှိပ်စက်တယ်ပေါ့။ ရွာသားတွေကို သူလာနှိပ်စက်တယ်လေ။ အဲဒါကြောင့်မို့လို့ ကျနော်ဆို ရွာမှာ မနေရဘူး။ တောမှာပဲ သွားအိပ်တယ်။ ကြက်မွေး လို့မရဘူး။ ၀က်မွေးလို့ မရဘူး အဲလိုလေ” ဟု သီးပလိုရွာသား အယ်ခြက်ကပြောပါသည်။

အဆိုပါ IDP ၂၈ဦးသည် ဖာဆောင်းမြို့နယ် အမှတ် ၂ ခရိုင်အတွင်းမှ သီးပလိုနှင့် ကဗွိးဒိုးကျေးရွာများပြီးကြပြီး အိမ်ထောင်စုအားဖြင့် ငါးအိမ်ထောင်ပါရှိသည်။ ၎င်းတို့သည် ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းသို့ ယခုဒီဇင်ဘာ၂ ရက်နေ့ကတည်းကရောက်ရှိနေပြီဖြစ်သော်လည်း တရားဝင် ဒုက္ခသည်အဖြစ် လက်ခံမည်၊ မလက်ခံ မည်မှာ ဒေသခံထိုင်းအာဏာပိုင်များနှင့်သာ သက်ဆိုင်ပါသည်။

ယခုအခါ လူသစ်များကို ဒုက္ခသည်အဖြစ် လက်ခံရာတွင် ကရင်နီဒုက္ခသည်ပင်မကော်မီတီနှင့် ယူအဲန်အိပ်စီအာ အဖွဲ့တို့နှင့်တိုက်ရိုက် သက်ဆိုင်မှုမရှိဘဲ ထိုင်းအာဏာပိုင် အဖွဲ့အစည်းများ ဖြစ်သော ထိုင်းစစ်တပ်များနှင့် ထိုင်းပြည်ထဲရေး (MOI)တို့၏ ဆုံးဖြတ်ချက်များကသာ အဓိကကျသည်။

ထိုင်းအာဏာပိုင်များသည် ပြည်တွင်းမှ ရောက်ရှိလာသော လူသစ်များကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်း၊ မြန်မာစစ်တပ်တို့၏ ဖိနှိပ်ညှင်းပန်းမှုများနှင့် ပြည်တွင်းစစ်ကြောင့် အမှန်တကယ် ထွက်ပြေးရောက်ရှိလာခြင်း ရှိ၊မရှိကို စီစစ်သွားမည်ဖြစ်သည်။

မြန်မာစစ်တပ်များသည် ရွာသူ၊သားများအား ရှေ့တန်းလမ်းပြ အသုံးပြုရာတွင် လူအိုသော်လည်းကောင်း၊ လူပျိုသော်လည်းကောင်း၊ အမျိုးသမီးလည်းကောင်း ခေါ်ယူလေ့ရှိသည်ဟု ကရင်နီပြည်အမှတ် ၂ ခရိုင်မှူး ဖားမှူးကပြောသည်။

၎င်းက “အကယ်၍ ရွာသားနဲ့ ပေါင်းပြီး သွားတယ်ဆိုရင် ကျနော်တို့ ကရင်နီတွေက သူ့ကို အရမ်းမလုပ်ရဲဘူး ဆိုတာ သူတို့ သိတယ်လေ။ ခေါ်တဲ့ လူတိုင်းဆိုရင် သူတို့ လမ်းပြအနေနဲ့ ခေါ်တယ်။ ဒါမဲ့ သူတို့ ပို့တဲ့ လမ်းက တိုက်ပွဲ မဖြစ်ရဘူး။ တိုက်ပွဲ တစုံတရာ ဖြစ်ရင် အဲလူကို အရေးယူတယ်” ဟု ပြောဆိုသွားခဲ့သည်။

အမှတ် ၂ခရိုင်တွင် ကျေးရွာပေါင်း ၄၀ ကျော် ရှိသည့်အနက် အချို့ကျေးရွာများသည် တောထဲ၌ ထွက်ပြေးပုန်းအောင်းနေသော ကျေးရွာများ ရှိနေသလို၊ ငြိမ်းချမ်းရေး အဖွဲ့ဖြစ်သော ကလလတ အဖွဲ့သို့ ပါ၀င်လျှင် မြန်မာစစ်တပ်များက လာရောက်နှောက်ယှက်မှု မရှိသည့်အတွက် အချို့သော ကျေးရွာများလည်း ငြိမ်းချမ်းရေး အဖွဲ့သို့ ၀င်ရောက် သည်ကိုလည်း ရှိနေကြောင်း အယ်ခြက်က ဆက်ပြောသွားပါသည်။