၆၁ နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့တွင် ကရင်နီပြည်သူ တရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းပြီး ရှေ့ဆက် တော်လှန်ရေးကို ကရင်နီနှင့်အတူတကွ တိုက်ပွဲဝင်သွားမည်ဟု PNLO အဖွဲ့မှ ပြောကြားသွားပါသည်။
“ကျနော်တို့ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့အနေနဲ့ ပြောချင်တာကတော့ ကျဆုံးသွားတဲ့ အာဇာနည်အပေါင်းကို ကျနော်တို့ ဂုဏ်ယူတယ်။ အဲဒီတော့ သူတို့ရဲ့ တကယ် ပြောင်မြောက် ဂန္တာဝင်မြောက်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ကနေပြီးတော့မှ ဆက်လက် အမွေ ဆက်ခံပြီးတော့မှ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်” PNLO အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။
ဆက်လက်ပြီး “ကျနော်တို့ ခေါင်းဆောင်ကြီး အသီးသီးကနေပြီးတော့မှ လက်တွဲ မဖြုတ်တမ်း ဒီနေ့ဒီချိန်ကနေ စပြီးတော့မှ ကျနော်တို့ အတူတကွ တိုက်ပွဲဝင်ဖို့ လိုအပ်ပြီ” ဟု ပြောသည်။
ကရင်နီညာမို အမာခံတပ်စခန်းတွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့အခမ်းအနားကို ကရင်နီမဟာမိတ်အဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ABSDF နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး PNLO အဖွဲ့ အပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်ပါသည်။ ထိုအခမ်းအနားတွင် ကျဆုံးသွားသော ရဲဘော်များအား ဝမ်းနည်းခြင်း၊ သတိရ အသိအမှတ်ပြုခြင်းဖြင့် ရဲဘော်မိသားစုများမှ လွမ်းသူပန်းခွေများ သွားရောက်ချပေးကြပါသည်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌ ပေးပို့လာသော သဝဏ်လွာမှ “အာဇာနည်နေ့သည် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးတွင် အသက်ပေးလှူသွားခဲ့သော အာဇာနည် သူရဲကောင်းများ အားလုံးအတွက် ဖြစ်ပါတယ်။ အာဇာနည်ဆိုသည်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားတဲ့ ပုဂ္ဂိုလ်တွေ လူသားကောင်းကျိုးအတွက် အသက်ပေးလှူသွားသော ပုဂ္ဂိုလ်တွေ အမှန်တရားအတွက် အသက်ပေးလှူသွားတော့ ပုဂ္ဂိုလ်တွေကို ခေါ်ပါတယ်” ဟု ကရင်နီတပ်မတော် ဒု-စစ်ဦးစစ်ချုပ် ဗိုလ်ချုပ် အောင်မြတ်က အခမ်းအနားအတွင်းတွင် ဖတ်ကြားပေးသွားပါသည်။
၁၉၄၈ ခုနှစ် သြဂုတ်လ ၉ ရက်၌ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး ခေါင်းဆောင် ဦးဘီတူရီ နေထိုင်သည့် မြလဲရွာကို ဖဆပလအဖွဲ့ ၀င်ရောက်ကျူးကျော် ၀င်ရောက်ခဲ့ရာ လက်နက်နှင့် လူအင်အားမမျှတာကြောင့် ကြယ်ဖိုးကြီးနယ် ဖရူဆိုမြို့အထိ ဆုတ်ခွာခဲ့ရပါသည်။ ထိုအတောအတွင်း ဖဆပလအစိုးရက လွိုင်ကော်မြို့မှ ကိုယ်စားလှယ် စေလွတ်ကာ ဖြစ်ပျက်သည့် ကိစ္စများကို ဥပဒေအရ ဖြေရှင်းရန်အတွက် ဦးဘီတူရီကို လွိုင်ကော်မြို့သို့ လာရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဦးဘီတူရီအနေနှင့် တရားဥပဒေအရ ဖြေရှင်းမည် ဆိုသောကြောင့် ကျန်ကောင်စီဝင်များ တားဆီးသည့်ကြားမှ လွိုင်ကော်မြို့ကို တက်ခဲ့ရာ ဥပဒေအရမဖြေရှင်းဘဲ ဖမ်းဆီးထောင်ချ ခံခဲ့ရသည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် ဦးဘီတူရီကို ထောင်တွွင်းမှ ထုတ်ပြီး ဂုံနီအိတ်ထဲ ထည့်ကာ ကားနှင့် ဆွဲပြေးပြီး ဘက်နက်ဖြင့် ထိုးသတ်ကာ ဘီးလူးချောင်းထဲ ပစ်ချခဲ့သည်။ ထို့ကြောင့် ဥက္ကဌ ဦးဘီတူရီ ရက်ရက်စက်စက် အသတ်ခံ၊ ကျဆုံးခဲ့ရသည့် စက်တင်ဘာလ ၈ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်သည်။