မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းမှာ ဘိန်းများကို နေရာအနှံ့အပြားတွင် ပိုမိုစိုက်ပျိုးလာပြီး ဘိန်းစိုက်ပျိုးမှု ပမာဏ တိုးလာ သော်လည်း စိုက်ပျိုးမြေအကန့်အသတ်ကြောင့် ဘိန်းအထွက် ထုတ်လုပ်မှုပိုင်းတွင် သိသိသာသာ တက်လာခြင်း မရှိဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (UNODC)က ဆိုသည်။
UNODC အမှုဆောင် ညွန်ကြားရေးမှူး Antonio Maria Costa က “မြန်မာနိုင်ငံတွင်းမှာ ဘိန်းစိုက်ပျိုးမှုမြေက အတော်လေးနည်းပါတယ်။ ဒါကြောင့်လည်း ဘိန်းစိုက်ပျိုးမှု တိုးလာ တာကြောင့် ဆိုးဆိုးဝါးဝါးတော့ ဖြစ်မလာပါ ဘူး” ဟု ဗီအိုအေသို့ပြောသည်။
မြန်မာစစ်အစိုးရဘက်မှ ပြည်သူများကို ဘိန်းစိုက်ခွင့်ပေးထားခြင်းသည် ပြည်သူထံမှ အကျိုးအမြတ် ခံစားခွင့် ရရှိသည့်အတွက်ကြောင့် ဖြစ်သည်ဟု ဘိန်းနှင့်ပတ်သက်ပြီး အမြဲလေ့လာစောင့်ကြည့်နေသည့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါသည်။
ယခုလို ဘိန်းစိုက်ပျိုးမှု ပမာဏတိုးလာသည့်အတွက် UNODC အဖွဲ့အနေဖြင့် မြန်မာစစ်အစိုးရအား ဘိန်းစိုက်ပျိုး မှု တိုက်ဖျက်ရေးပြုလုပ်မည်ဆိုပါက ပိုင်းဖြတ်ထားသည့် အတိုင်း ဆောင်ရွက်သွားရန် သတိပေးခြင်းများလဲ ရှိပါသည်။
သို့သော် စစ်အစိုးရသည် ဘိန်းဆန့်ကျင်တိုက်ဖျက်သည်ဟု ဆိုသော်လည်း ပြည်သူများ ဘိန်းစိုက်ပျိုးနိုင်ဖို့ အတွက် တွန်းအားပေးမှုတွေရှိနေသည်ဟု ကရင်နီ (ကယား) ပြည်နယ်ရှိ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး သိကျွမ်း နားလည်သူတဦးက ပြောပါသည်။
တဖက်တွင်မှာလည်း မြန်မာနိုင်ငံတွင် မှုးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး စိတ်ကြွဆေးများ ထုတ်လုပ်မှုများ ရှိလာသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ထိုအကြောင်း နှင့်စပ်လျဉ်၍ ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့မှ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့သည့် ဒေသခံလူငယ်တဦးက အခုလိုပြောသွားသည်။
“စိတ်ကြွဆေးသုံးတာက ဆေးထိုးတာနဲ့ သောက်တာဆိုပြီးမှရှိတယ်။ ဆေးထိုးတဲ့အပိုင်းမှာဆိုရင် ခိုးကြောင် ခိုးဝှက်နဲ့ထိုးတာ။ ဒါပေမယ့် သောက်တာကြတော့ ဗြောင် ဗြောင်ပဲ။ အစိုးရကပြောတယ် သိသာသိစေ မမြင်စေနဲ့လို့ အဲလိုပြောတယ်လေ” ဟုပြောသွားပါသည်။
မြန်မာနိုင်ငံတွင် စိတ်ကြွဆေးများထုတ်လုပ်မှုများနှင့် ပတ်သက်ပြီး ဒေသတွင်းမှ အစိုးရရဲ့ အရှိန်အဝါ ကြီးသည့် သူများ၏ အကာအကွယ်ရထားသည့် ရာဇဝတ်ဂိုဏ် အုပ်စုများနှင့် ပတ်သက်မှုရှိသည်ဟု UNODC ၏ အမှုဆောင် ညွန်ကြားရေးမှူးက ပြောပါသည်။
၂၀၀၉ခုနှစ် အစေားပိုင်းမှစ၍ ကရင်နီပြည်တွင်းတွင် စိတ်ကြွဆေးများကို လွတ်လွတ်လပ်လပ်ရောင်းချလာကြကာ ပီကယ်လို အထုပ်လေးများကို အိတ်ကပ်တွင် ဆောင်ထားလေ့ရှိပြီး လူငယ်လူရွယ်များ သုံးစွဲနေကြသည်ဟု ဒေသခံ လူထုများက ဆိုသည်။ ထို့အပြင် ကျောင်းသားလူငယ် အများအပြားလည်း အသုံးပြုမှုရှိလာသည်ဟု လွိုင်ကော်ဒေသခံ ကျောင်းသား လူငယ်တဦးကပြောသည်။
ယခုလိုမျိုး မြန်မာပြည်မှာ စိတ်ကြွဆေးအသုံးပြုမှု များပြားလာသည့်အတွက် ပြီးခဲ့သည့် ၂၄ ရက်နေ့က ကုလသမဂ္ဂ မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၏ အစီရင်ခံစာ ထဲတွင် ၎င်း စိတ်ကြွဆေးထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်သလို စိတ်ကြွဆေး ထုတ်လုပ်မှု များကိုလည်း အလေးထား တိုက်ဖျက် သွားပေးရန် စစ်အစိုးရကို မေတ္တာရပ်ခံထားသည်ဟု သိရသည်။
ဘိန်းများကို အဓိကထားစိုက်ပျိုးသည့် နေရာများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း၊ အရှေ့ဘက်ခြမ်း ဒေသများမှ ကရင်နီ(ကယား) ပြည်နယ်၊ ကချင်ပြည်နယ်၊ သည့်အပြင် မြန်မာနိုင်ငံအနောက်ဘက် ချင်းပြည်နယ်စပ်မှာလည်း စိုက်ပျိုးမှုအနည်းငယ် ရှိသည်ဟု သိရသည်။
Published
Friday, June 26, 2009 - 20:16
ဘိန်းစိုက်ပျိုးမှု ပမာဏ တိုးလာ၊ စိတ်ကြွဆေးသုံးမှု များပြား
မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းမှာ ဘိန်းများကို နေရာအနှံ့အပြားတွင် ပိုမိုစိုက်ပျိုးလာပြီး ဘိန်းစိုက်ပျိုးမှု ပမာဏ တိုးလာ သော်လည်း စိုက်ပျိုးမြေအကန့်အသတ်ကြောင့် ဘိန်းအထွက် ထုတ်လုပ်မှုပိုင်းတွင် သိသိသာသာ တက်လာခြင်း မရှိဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (UNODC)က ဆို ...