ကရင်နီပြည် ဖရူဆိုမြို့နယ်တွင် လှုပ်ရှားသွားလာနေသော စစ်အစိုးရတပ်ရင်းများမှ ကျေးလက် ဒေသများတွင် နေထိုင်သော ဒေသခံပြည်သူများအား အထမ်းသမားအဖြစ် ၁ဝ ယောက်ထက်မနည်း မကြာခဏ ခေါ်ယူနေသည့် အပြင် အတင်းအဓမ္မ လုပ်အားပေးခိုင်းခြင်းများလည်း ပြုလုပ်နေကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ဖရူဆိုမြို့နယ် အုပ်ချူပ်ရေးမှူး ကပြောသည်။
၎င်းက “ စစ်သားတွေ တစ်ရွာနဲ့တစ်ရွာသွားရင် အနီးနားက ရွာသားတွေကို ၁ဝ ယောက်လောက် အထမ်းသမား အမြဲခေါ်တယ်၊ တခြား ခြံစည်းရိုး ခတ်တာတို့ လုပ်ခိုင်းတယ်” ဟုပြောပါသည်။
ထို့အပြင် ဖရူဆိုမြို့နယ်ရှိ မာခရော်ရှေ့အုပ်စု၊ ကေးလျားအုပ်စု၊ ထီးပေါ်ဆိုအုပ်စု များတွင် တပ်ရင်းများမှ လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းများ၌ ရွာသားများအား လုပ်အားပေးခေါ်ခြင်း၊ တအိမ်ထောင်လျှင် ဝါးချပ် (၅ဝ)ချပ်နှင့် တရွာလျှင် ဝါးလုံး (၁ဝဝ)ခန့် ကောက်ခံနေလေ့ရှိပါသည်။
မာခရော်ရှေ့အုပ်စု ၊ ခိုးရာခူရွာနေ ဒေသခံတဦးက “တစ်ရက်ကို ရေ ၅ ဂါလံဝင်ဆံတဲ့ပုံး ၁ဝပုံး တစ်ရွာကို ၁ဝ ယောက်စီ ရေထမ်းပြီး အလှည့်ကျ သွားပို့ရတယ်။ လုပ်အားပေးလည်း လုပ်ရတယ်လေး အဲဒီချိန်ဆို အိမ်က အလုပ် မလုပ်ဖြစ်တော့ဘူး အလုပ်အကိုင်ပျက်သွားတယ်ပေါ့” ဟုပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ အဓမ္မလုပ်အားပေးခိုင်းစေမှုများ အဆုံးသတ်ရန် စစ်အစိုးရ၏ ကြိုးပမ်းချက်များသည် လုံလောက်မှုမရှိဟု ပြီးခဲ့သည့် ၆ ရက်နေ့က ဂျာနီဗာမြို့တွင် ကျင်းပသော ILO အလုပ်သမား ကော်မတီ ဆွေးနွေးပွဲအတွင်း ILO အဖွဲ့ဝင်များက ပြောဆိုသွားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO မှမြန်မာစစ်အစိုးရအား အဓမ္မလုပ်အားပေးခိုင်းစေမှုများ ခွင့်ပြုထား သော အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များနှင့် ဥပဒေများကို ပြင်ဆင်ရန် တောင်းဆိုထားကြောင်း သိရပါသည်။
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းတွင် လွိုင်ကော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခမရ ၅၃၁ နှင့် ခမရ ၅၇၄ စသည့်တပ်ရင်းများမှ လက်ရှိအခြေစိုက် နေထိုင်သည်ဟု ဖရူဆိုမြို့နယ် အုပ်ချူပ်ရေးမှူးက ပြောသည်။