ကနေဒါရောက် မြန်မာများ ဒေါ်စုလွတ်မြောက်ရန် ချီတက်ဆန္ဒပြ

ကနေဒါရောက် မြန်မာများ ဒေါ်စုလွတ်မြောက်ရန် ချီတက်ဆန္ဒပြ
by -
နှောင်းလှိုင်
မြန်မာစစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အား မတရားစွပ်စွဲ ချုပ်နှောင်ထားသည့် ကိစ္စနှင့် ပတ်သက်၍  နိုင်ငံတကာမှ ပိုမိုသိိရှိလာရန်နှင့် ဒေါ်စုအား ချုပ်နှောင်ထားခြင်းမှ လွတ်မြောက် ခွင့်ပေးရန်အတွက် ကနေဒါနိုင်ငံရောက် မြန်မာများက ယမန်နေ့ နေ့လည် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီကြာ ချီတက်ဆန္ဒပြ ...

မြန်မာစစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အား မတရားစွပ်စွဲ ချုပ်နှောင်ထားသည့် ကိစ္စနှင့် ပတ်သက်၍  နိုင်ငံတကာမှ ပိုမိုသိရှိလာရန်နှင့် ဒေါ်စုအား ချုပ်နှောင်ထားခြင်းမှ လွတ်မြောက် ခွင့်ပေးရန်အတွက် ကနေဒါနိုင်ငံရောက် မြန်မာများက ယမန်နေ့ နေ့လည် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီကြာ ချီတက်ဆန္ဒပြပွဲ ကျင်းပလှုပ်ရှားမှုများ ပြုလုပ်သွားခဲ့ပါသည်။

ထို့အပြင် ဒေါ်စုနှင့် ပတ်သက်ပြီး ကနေဒါနိုင်ငံရှိ အဲန်အယ်လ်ဒီ အဖွဲ့မှ ထုတ်ပြန် ကြေညာချက် တစောင် ထုတ်ပြန်ထားပြီး အဓိကတောင်းဆိုချက်မှာ ဒေါ်စုအား လွတ်မြောက်ခွင့် ပေးရန်နှင့် အကျယ်ချုပ်ခံ နေအိမ်ဝင်းသို့ အမေရိကန် နိုင်ငံသားတဦး ကျူးကျော်ဝင်ရောက်ခြင်းသည် စစ်အစိုးရ၏ မရိုးမသား လုပ်ကြံမှုသာဖြစ်သည်ဟု ရေးသားထားပါသည်။

အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကောင်စီ၊ တရုတ်နှင့် အာဆီယံ နိုင်ငံများကိုလည်း အင်းစိန် ထောင်တွင်းမှ ဒေါ်စု လွတ်မြောက်လာနိုင်ရန် အတွက်နှင့် အခြားသော အကျဉ်းကျခံ နိုင်ငံရေး သမားများအားလုံးကိုလည်း လွတ်ပေးရန် ချီတက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုိဆန္ဒပြ တောင်းဆိုမှုကို နိုင်ငံရေးစိတ်အားထက်သန်ကြသည့် မြန်မာပြည်သူပြည်သားများ ၄၅ ဦးခန့် ပါဝင်ပြီး ကနေဒါနိုင်ငံ ဗာကူးဘားမြို့ရောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်ရေး နယ်မြေ အတွင်းရေးမှူး ကိုသက်နိုင်ဦးမှ ဦးဆောင်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်စုကြည်ကို စစ်အစိုးရမှ မတရားစွပ်စွဲထားခြင်းနှင့် ပတ်သက်ပြီး အဖွဲ့အစည်း အသီးသီး၊ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်ဟောင်းများ၊ ကမ္ဘာတလွှား ထင်ရှားသူများနှင့် ပြည်ပရောက် အတိုက်အခံ ပါတီ အဖွဲ့အစည်းအသီးသီး တို့ကလည်း ဒေါ်စုအား လွတ်ပေးရန် စစ်အစိုးရကို တောင်းဆိုခဲ့ကြသလို ချီတက်ဆန္ဒပြမှုများလည်း ကမ္ဘာတဝှမ်းမှာ တောင်းဆိုမှုအမျိုးမျိုးဖြင့် တောင်းဆိုနေပါသည်။

ပထမဆုံးအကြိမ် တရားရုံး စစ်ဆေးမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( အဲန်အယ်လ်ဒီ) ပါတီဝင်များ၊ သူမကို ထောက်ခံကြသည့်လူများ၊ စိတ်ဝင်စားကြသည့်သူများ အများအ ပြား လာရောက်ခဲ့ကြပေမယ့် လုံခြုံရေးတင်းကျပ်စွာ ချထားသောကြောင့် အကျဉ်းထောင်အပြင် ဘက်တွင်မှာဘဲ ခံနေကြရသည်ဟု ရန်ကုန်မြို့မှ ဒေသခံများက ဆိုပါသည်။

၎င်းအမှုစစ်ဆေးသည့်နေ့တွင် လူထုရှေ့တွင် ကြားနာစစ်ဆေးရန် အဘက်ဘက်မှ တောင်းဆိုခဲ့ကြ သော်လည်း တရားရုံးမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ချလိုက်ပါသည်။ ဒေါ်စုနှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့်အတူ မစ္စတာဂျွန်ဝီလျံယက်တောတို့ကိုလည်း အင်းစိန်ထောင်အတွင်း အထူးတရားရုံးမှာ စစ်ဆေးမှု ပြုလုပ်နေသည်ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွက် လေးစားခံရသည့် ဒီမိုကရေစီ ခေါင်းဆောင်တဦး ဖြစ်ပြီး၊ ၂ဝဝ၃ ခုနှစ်ကတည်းက နေအိမ်အကျယ်ချုပ်ဖြင့် စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း ဖြစ်ပါသည်။ အင်းစိန်ထောင်တွင်းရှိ တရာရုံးတွင် မေလ ၁၈ ရက်နေ့က ဒေါ်စုအား ပထမဦးဆုံးအကြိမ် ရုံးတင်အမှုစစ်ဆေးပါသည်။
 

Most read this week