အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖြင့် ချုပ်ထားရာ အိမ်ဝင်းသို့ အမေရိကန် နိုင်ငံသားတဦး ဥပဒေမဲ့စွာဖြင့် ဝင်ရောက်ပြီး စစ်အစိုးရမှ တရားစွဲမှုကို ပြေလည်စွာ မလုပ်ဆောင်ပေးပါက မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာနိုင်သည်ဟု မြန်မာ နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဦးက ပြောသည်။
“ဒီကိစ္စ မပြေလည်ဘူး ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ဆက်ဆံရေးဟာ ပိုပြီးတော့ ဆိုးလာ စရာရှိတယ်။ အဲလို ဆိုးလာ ဆိုလို့ရှိရင် တော့ မြန်မာပြည်သူတွေ အတွက် မကောင်းဘူး” ဟု ဦးအောင်နိုင်ဦး က ဆိုသည်။
နိုင်ငံတကာမှလည်း မြန်မာပြည်နှင့် ပတ်သက်၍ စီးပွားရေး ပိတ်ဆို့မှုများကို ဆက်လက်ထားရှိပြီး လူသားချင်းစာနာမှု ဆိုင်ရာအကူညီများ ပိုမိုပြီးတိုးပေးမည် ဆိုသည့် စကားသံ တော်တော်များများ ကြားနေရသည့် အချိန်ဖြစ်သည်။ စစ်အစိုးရနှင့် နိုင်ငံတကာ ပြေလည်နိုင်သော လမ်းစလေးများ ပေါ်နိုင်သည့် အချိန်မျိုးတွင် ယခုလို ကိစ္စမျိုး ဖြစ်သွားသည့်အတွက် အခြေနေများ ပိုမိုဆိုးရွားနေသည့် သဘောရှိသည်ဟုဆိုသည်။
နိုင်ငံတကာ အနေအထားမှာလည်း တော်တော်များများ စိုးရိိမ်နေကြပြီး အခုအချိန်တွင် အမေရိကန်၊ သြစတျေးလျ စသည့် နိုင်ငံများသည် statement အသီးသီး ထုတ်ဖော်ပြောနေကြသည်။ ထိုကိစ္စနှင့်ပါတ်သက်၍ ယူရိုပီရမ် ယူနီယာ မှလည်း statement ထုတ်ရန် ရှိသည်ဟုသိရသည်။
ဒေါ်စု အိမ်ဝင်းကို ဥပဒေမဲ့စွာဖြင့် ၂ ရက်သာ ဝင်ရောက် နေထိုင်ခဲ့သော အမေရိကန်လူမျိုး John William Yattaw အား အမေရိကန်သံရုံးမှလည်း ထိုသူသည် မည်သူမည်ဝါ ဖြစ်သည်ကို မသိသေးကြောင်း ထိုသူနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မပါဝင်နို်င်ရန်အတွက် စစ်အစိုးရက လုပ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ခြံထဲသို့ လူတယောက် အခုလို ဝင်သွားတာဟာ ဒေါ်အောင်ဆန်းစုကြည်မှာ အမှန်တကယ် လုံခြံုမှုမရှိသည်ကို ဖော်ပြနေကြောင်း အဖွဲ့ချုပ်ပြန်ကြားရေး တာဝန်ခံဦးဉာဏ်ဝင်းက ဝေဖန်ခဲ့ပါသည်။
ထိုသူသည် ငြိမ်းချမ်းရေးကို လိုလားပြီး၊ ငြိမ်းချမ်းရေးရဖို့ရန် အတွက် သုတေသန ပြုလုပ်နေခြင်း ဖြစ်သည်ဟု ကောလဟာလ ပြောသံများ ကြားရပြီး၊ သူတဦးတည်း လုပ်တာလား၊ တခြားလူတဦးတယောက် ပါသလား။ အစိုးရဖက်မှ ပိပိရိရိ လုပ်ခြင်းလားဆိုသည်မှာ မည်သူမျှ မသိသေးကြောင်း သိရှိရပါသည်။
ဒေါ်စု အချုပ်ကျနေသော သက်တမ််းမှ လွတ်မြောက်ဖို့ရန် ငါးနှစ်မြောက်ပြည့်ဖို့ ၂ ပတ်လောက်အလိုမှာ ဖြစ်သွားသည့်အတွက် ဘာကြောင့် ဒီအချိန်တွင် ဖြစ်ရသလဲ ဆိုသည့် မေးစရာမေးခွန်းများ ဖြစ်လာရသည်။
“အင်မတန် ကံမကောင်းတဲ့ အချက်တခုလို့ပဲ ပြောရမှာပေါ့လေ ဘာဖြစ်လို့လဲဆိုတော့ ဒီချိန်ကြီးမှာ ဖြစ်လာတဲ့ ဘာဖြစ်လို့ ဒီလူကြီးက သွားတာလဲ မေးခွန်းတွေက အများကြီး ဖြစ်နေပြီးတော့ အဖြေက မရှိသလောက် ဖြစ်နေတဲ့ သဘောဖြစ်တယ် သေချာတာက တော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၁ နှစ်ပဲဖြစ်ဖြစ် ၂ နှစ် ပဲဖြစ်ဖြစ် ချုပ်ထားချင်တယ် ဆိုလို့ရှိရင်တော့ ဒီလို ချုပ်ထားနိုင်ဖို့အတွက် အကောင်းဆုံး အနေအထား တရပ်ကို အခုပုဂ္ဂိုလ်က အခုကိစ္စကို ဖန်တီးပေးလိုက်တဲ့ သဘောပဲပေါ့” ဟု ဦးအောင်နိုင်ဦးက ပြောကြားသွားပါသည်။
ဖိတ်ခေါ်မှု မပြုလုပ်ပဲ ၂ ရက်သာ ဒေါ်စု၏နေအိမ်သို့ နေထိုင်သွားသော ထိုသူကို သက်ဆိုင််ရာ အစိုးရအရာရှိထံ အကြောင်းကြားသင့်ကြောင်း ထို့ကြောင့် ဒေါ်စုကို စစ်တပ်က တရားစွဲလာသည့် ကိစ္စမျိုး ဖြစ်လာရသည်။
ဒါ့အပြင် ဒေါ်စုအိမ်တွင် ဝိုင်းဝန်းကူညီပေးသော အမျိုးသမီး ၂ ဦးအပြင် ဆရာဝန်ပါ အဖမ်းဆီးခံရမှု အပေါ် ကြည့်မည်ဆိုလျှင် စစ်အစိုးရဖက်မှ လေးလေးနက်နက် စဉ်းစားပြီး ကြိုးစားနေသည့် ကိစ္စမျိုးဖြစ်နိုင်သည်ဟု ဆိုသည်။