ရေကာတာ စီမံကိန်းသည် ပြည်သူလူထုများအတွက် အကျိုးမပြုနိုင်သည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝ ပတ်ဝန်းကျင်များကိုပါ ထိခိုက်လာမည် ဖြစ်သည်ဟု ရေကာတာ ဆန့်ကျင်ရေး လုပ်ရှားသူများက ဆိုပါသည်။
မြန်မာပြည်တွင် ကြီးမားသည့် ရေကာတာ စီမံကိန်း ၂၁ ခု တည်ဆောက်ရန်အတွက် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်နှင့် အိန္ဒိယများနှင့်အတူ ပူးပေါင်းကာ အစီအစဉ်များချမှတ်ပြီး ၎င်းစီမံကိန်းသည် စစ်အစိုးရ၏ ဝင်ငွေရရှိရေးအတွက်သာ ဖြစ်ပြီး ပြည်သူလူထုများအတွက် အကျိုးပြုနိုင်မည်မဟုတ်သည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရမည်ဟု မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့က ဆိုသည်။
မြန်မာနိုင််ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ငဲက “ အဓိက စစ်အစိုးရဝင်ငွေရရှိဖို့အတွက် အဲလိုရှိတယ်။ ကျနော်တို့ ဒေသခံပြည်သူလူထုတွေအတွက်က ရေကာတာဆောက်လုပ်လာပြီဆိုရင် ဒေသခံတွေက ဒုက္ခတွေနဲ့ ရင်ဆိုင်ရမယ်၊ နောက်စစ်တပ်တွေ လာနေမယ်လေ စစ်တပ်တွေ လာနေတဲ့အခါကျတော့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ များလာမှာဖြစ်တယ်” ဟု ပြောပါသည်။
ထို့ကြောင့် ၎င်းစီမံကိန်းသည် ပြည်သူလူထုတို့မှ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်နိုင်ခွင့်၊ စွမ်းအင်ဆိုင်ရာ စီစဉ်ချမှတ်ရာ၌ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ရေကာတာများ ဆောက်လုပ်သည့်နေရာတွင် အခြားသော ရွေးချယ်နိုင်သည့်နည်းလမ်းများကို ထည့်သွင်းစဉ်းစားပေးမှုများ လုပ်ဆောင်မှုမရှိခြင်းကြောင့် ရေကာတာစီမံကိန်းများကို ရပ်တန့်ထားသင့်ကြောင်း ပြီးခဲ့သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ မတ်လ ၁၄ ရက်နေ့တွင် အိမ်နီးချင်းနိုင်ငံများ ရေကာတာဆောက်လုပ်သူများနှင့် အပြည်ပြည်ဆိုင်ရာငွေကြေးများ ဆိုင်ရာထောက်ပံ့သူများကို တောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။
ထိုစီမံကိန်းများသည် ရေကာတာများမှ ခန့််မှန်းခြေလျှပ်စစ်စွမ်းအင် ၃၅ ဝဝဝ မီကာဝပ် ထုတ်လုပ်မှာဖြစ်ပြီး ရေကာတာများ ဆောက်လုပ်ရေးတွင် အမေရိကန်ဒေါ်လာပေါင်း ၃၅ သန်းကုန်ကျမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြပါသည်။
တည်ဆောက်မည့် ရေကာတာအားလုံးသည် မြန်မာနိုင်ငံ၏အဓိက မြစ်များဖြစ်ကြသည့် သံလွင်မြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်း မြစ်၊ စစ်တောင်းမြစ်များနှင့် ၎င်းတို့မြစ်လက်တက်များပေါ်တွင် တည်ဆောက်သွားမည် ဖြစ်သည်ဟု သိရသည်။
ကိုအောင်ငဲက “ သွယ်ဝိုက်တဲ့ထိရောက်မှုက မြန်မာပြည်တပြည်လုံးကို ထိခိုက်လာနိုင်တယ်၊ ရေလှောင်ကန်တဖြည်းဖြည်းနဲ့ ပြည့်လာမယ်လေ။ လယ်ယာမြေတွေ ဖျက်စီးခံရမယ်၊ ပြည်သူလူထုတွေ ရွေ့ပြောင်းခံရမယ်၊ အလုပ်အကိုင်မဲ့ဖြစ်ကုန်မယ်၊ ဒါရိုက်ထိခိုက်မှုမှာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အတင်းအဓမ္မခိုင်းစေမှုတွေ ရှိလာမှာဖြစ်တယ်။ ” ဟု ပြောဆို သည်။
ရေကာတာကြောင့် သစ်တောဖြုန်းတီးမှု၊ စိုက်ပျိုးမြေပြင်ဧရိယာအချို့ ရေမြုပ်ခြင်း၊ ရေပေါ်ရေအောက် တရိစ္ဆာန်များ၏ စားကျက် ပျောက်ကွယ််မှု ကြုံတွေ့ရမည့််အပြင် ကမ္ဘာမြေကြီးပူနွေးလာမှုများ ဖြစ်ပေါ်လာမည်ဟု သစ်တောထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါသည်။
၎င်းက “ ကျနော်တို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်သုဉ်းမှုအခြေအနေက သစ်၊ ဝါးတွေက ရေအောက်မြုပ်သွားမယ်လေ၊ ရေကာတာဖြစ်ပေါ်လာသည်နှင့်အမျှ ရေမြုပ်တဲ့ဧရိယာဟာ ကျယ်လာတယ်။ ရေမြုပ်တဲ့ဧရိယာမှာ သစ်တောများများပါတဲ့ အတွက် အဲ့ဒီသစ်ရွက်စိမ်းတွေ၊ ရွံ့ဗွက်တွေက မြေစိမ်းဓါတ်တွေဖြစ်တယ်။ အဲဒီဓါတ်က အဓိက ကမ္ဘာမြေကြီးပူနွေးမှု (Global Warming)ကို ဖြစ်ပေါ်စေတဲ့ ဓါတ်တမျိုးဖြစ်တယ်လေ။” ဟု ပြောပါသည်။
ထို့အပြင် ရေကာတာကြောင့် နိုင်ငံတကာ အသိအမှတ်ပြုထားသည့် ဇီဝမျိုးကွဲမှုများနှင့် ကြွယ်ဝသည့် နေရာဒေသများကို ခြိမ်းခြောက်နေပြီး ရေကာတာဆောက်လုပ်မည့် နေရာတွင်းမှ သဘာဝပတ်ဝန်းကျင်များဆို်င်ရာ ထိခိုက်ပျက်စီးမှုများ၏ သတင်းအချက်အလက်များကို်လည်း ရယူသိရှိနိုင်မှု မရှိသေးဟုလည်း သိရပါသည်။