မြန်မာနိုင်ငံတွင် ရှေ့မတိုး နောက်မဆုတ်သာ သောင်တင်နေသော နိုင်ငံရေး ပဋိပက္ခများသည် တိုင်းရင်းသားအရေးများကို ထည့်သွင်း ပြောဆိုဆွေးနွေးမှု မလုပ်ဆောင်သရွှေ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် MNLS အဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် (၅) ရက်နေ့တွင် (၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် ထုတ်ပြန်လိုက်သော အစီခံစာ အပါအဝင် (Mon National League for Solidarity) အဖွဲ့မှ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
စစ်အစိုးရက တိုင်းရင်းသား အဖွဲ့အစည်းများကို နိုင်ငံရေးနှင့် ဆိုင်သော အခွင့်အရေးများ၊ အုပ်ချုပ်ခွင့်များ မပေးနိုင်သည့် အတွက်ကြောင့် တိုင်းရင်းသားအရေးများသည် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးကတည်းက ယခုအချိန်ထိ တည်ရှိနေဆဲ ဖြစ်သည်ဟု ထိုအစီရင်ခံစာ၏ အဆိုအရမှတဆင့် IMNA (လွတ်လပ်သော မွန်သတင်းအေဂျင်စီ) အယ်ဒီတာ ကိုနိုင်ကစောက့်မွန်က ပြောသည်။
"ယနှစ်ကာလမှာ စစ်အစိုးရဟာ ဘယ်လိုပဲပြောပြောပေါ့လေ၊ နိုင်ငံရေး ပဋိပက္ခပေါ့နော်၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေး အခွင့် အရေးတွေကို သူမပေးနိုင်လို့ တိုင်းရင်းသားတွေက ပုန်ကန်နေတာ ဖြစ်တယ်၊" ဟု သူက ပြောသည်။
ကိုနိုင်ကစော့က်မွန်က ဆက်ပြီး "ဒီကိစ္စကို မဖြေရှင်းပဲနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်လိုက်တာပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်အတိုင်း သွားလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်၊ တိုင်းရင်း သားအရေးကို မကြည့်ပဲနဲ့ သူတို့ လုပ်သွားမယ်ဆိုရင် ဒီပြဿနာကတော့ နှစ် (၆၀) မကဘူး၊ နှစ် (၁၀၀) အထိ ဖြစ်ကောင်းဖြစ်သွားလိမ့်မယ်၊" ဟု ဆိုသည်။
တိုင်းရင်းသား အဖွဲ့အစည်းများသည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲမှု ပြုလုပ်ထားသော အချို့အဖွဲ့ရှိသော်လည်း ဆက်လက်ပုန် ကန်ထကြွနေသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များလည်း ရှိနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။
တိုင်းရင်းသား ပြည်သူလူထုများ အားလုံးသည် တူညီသော မျှော်မှန်းချက် တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ယခုနှစ်လည်း အရေးပါသည့် အချိန်ကာလ ဖြစ်သည် ဟု MNLS အဖွဲ့က ဆိုသည်။
Mon National League for Solidarity အဖွဲ့သည် လွန်ခဲ့သည့် 1988 ခုနှစ် အရေးအခင်း ဖြစ်ပွားနေသည့် အတောအတွင်းတွင် မွန်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှ ဖွဲ့စည်းတည်ထောင် ခဲ့ခြင်းဖြစ်သည်။