ကရင်နီ (ကယား)ပြည်မှာ သခင်ယေရှု ကိုယ်ယောင်ပြနေ

ကရင်နီ (ကယား)ပြည်မှာ သခင်ယေရှု ကိုယ်ယောင်ပြနေ
ကရင်နီ (ကယား) ပြည် ဒီမောဆိုမြို့နယ် အတွင်းရှိ နန်းမယ်ခုံ ကျေးရွာအုပ်စု ဆီလီဒုုန်းကျေးရွာတွင် သခင်ယေရှုသည် ရွာသူ၊သားများအား ၎င်း၏ ကိုယ်ယောင် ထင်ပေါ်ပြသပေးခဲ့သည်ဟု ဒေသခံများက ပြောဆိုကြ ...

ကရင်နီ (ကယား) ပြည် ဒီမောဆိုမြို့နယ် အတွင်းရှိ နန်းမယ်ခုံ ကျေးရွာအုပ်စု ဆီလီဒုုန်းကျေးရွာတွင် သခင်ယေရှုသည် ရွာသူ၊သားများအား ၎င်း၏ ကိုယ်ယောင် ထင်ပေါ်ပြသပေးခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ကရင်နီပြည်ရှိ ကက်သလစ်သာသနာမှ ကိုယ်တော်တပါးက " ဘုရားကျောင်းထဲက မယ်တော်ရုပ်တုနားမှာနဲ့ မယ်တော်ဂူနားမှာ ပေါ်ပါတယ်။ နှစ်နေရာ ပေါ်တာပေါ့၊ ပေါ်တာက ၄ ရက်လောက်ရှိပြီ။ ကိုင်လို့ မရပါဘူး။ ဓါတ်ပုံရိုက်ရင်လည်း မရပါဘူး၊ မဲမဲပဲ ပေါ်လာတယ်၊ ပြောတယ် " ဟု ပြောသည်။

သခင် ယေရှု ကိုယ်ယောင်ပြပေးခဲ့သော နေရာကို သွားရောက်ဖူးမြော်သူတိုင်း မတွေ့ခဲ့ရကြောင်း သိရသည်။ သွားရောက်ဖူးမြော်ခဲ့သည့် ဒေသခံ ရွာသူ၊သား ၁၀ ဦးအနက် ရ ဦးသာ တွေ့ရှိခဲ့ရပါသည်။

ဆက်လက်ပြီး ကိုယ်တော်တပါးက "တချို့က ရောင်ခြည်ပဲ တွေ့တယ်။ တချို့က ငိုနေတဲ့ပုံု တွေ့တယ်၊ တချို့က ခေါင်းငုံ့နေတဲ့ပုံ။ တချို့က ထိုင်နေတဲ့ပုံ။ တချို့ လက်ဝါးကပ်တိုင်ပုံ မြင်တယ်လို့ ပြောကြတယ် " ဟု ပြောသည်။

သခင်ယေရှု ကိုယ်ယောင်ပြသည့်အကြောင်းနှင့် ပတ်သက်၍ အစမျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ ရွာသားတဦးက နာမကျန်းဖြစ်နေတုန်း အိပ်မက် မက်ခဲ့သည်။ ယခင်က ၎င်းကျေးရွာအနီးတွင် မီးရှို့ဖျက်ဆီးထားသည့် လက်ဝါးကပ်တိုင် တခုရှိကြောင်း သိရသည်။

ထိုသူ၏ အိပ်မက်တွင် ဘုရားကသူ့ကို ဖျက်ဆီးထားခံရသည့် လက်ဝါးကပ်တိုင်းအား ပြန်ယူခိုင်းသည်ဟုဆိုကာ ၎င်းအဖော် ၈ ယောက်နှင့်အတူ ကျန်ရှိခဲ့သော အငုတ်ကို သယ်ဆောင်လာပြီး ဘုရားကျောင်းတွင် ပြန်ထားခဲ့သည်ဟု ပြောဆိုကြောင်း သိရသည်။

ဖျက်ဆီးခံခဲ့ရသော ရောမကက်သလစ် လက်ဝါးကပ်တိုင်သည် မည်သူ၊မည်ဝါက ဘယ်နှစ်ခုနှစ်၌ ဖျက်ဆီးခဲ့သည်ကို အတိအကျ မသိရှိသေးပေ။