နမ့်ခမ်းမြို့ ဒေသခံများ စုပေါင်းပြီး တရုတ်ပို့မည့် သတ္တုကျောက် တင်ကားများအား ပိတ်ပင်တားဆီး

နမ့်ခမ်းမြို့ ဒေသခံများ စုပေါင်းပြီး တရုတ်ပို့မည့် သတ္တုကျောက် တင်ကားများအား ပိတ်ပင်တားဆီး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌   တရုတ်နိုင်ငံသို့ တင်ပို့မည့် သတ္တုကျောက်အပြည့်တင် ကုမ္မဏီကားတန်းကို  ဒေသခံ ပြည်သူများ စုပေါင်းပြီး ဝိုင်းဝန်းတားဆီးသည့် ဖြစ်ရပ်တစ်ခု ဖေဖေါ်ဝါရီလ ၂၆ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။

အဆိုပါကျောက်တင်ကားများသည် ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေးကုမ္မဏီမှ ကားအချို့နှင့် ကုမ္မဏီမှ ဌားရမ်းထားသော ဒေသခံတစ်ချို့၏ ကားများဖြစ်ကြပြီး တင်ဆောင်လာသော သတ္တုကျောက်များမှာ ဒေသခံများ ၏ ကန့်ကွက်မှုများရှိနေသော နမ့်ခမ်းမြို့အနောက်တောင်ဘက် ဟွေ့အို့ကျေးရွာရှိ သတ္တုတူးဖော်ရေးစခန်းမှ တူးဖော်နေသည့် သတ္တုကျောက်များ ဖြစ်ကြကြောင်း နမ့်ခမ်းမြို့ SNLD ကျားခေါင်းပါတီ ဥက္ကဌ စိုင်းလိန်မြတ်က ဆိုသည်။

illegal smuggling

သတ္တုကျောက်တင်ကားများကို ဒေသခံ အယောက်  ၃၀၀ခန့်က ဝါးလုံးတွေနဲ့တားပြီး လမ်းပိတ်ကြရာ ညနေ ၃:၃၀နာရီမှ ညနေ ၅:ဝဝ နာရီ ဝန်းကျင်ခန့်အထိဖြစ်ကြောင်း  နမ့်ခမ်းမြို့ SNDP ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းထွန်းလှက ဆိုသည်။

"ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာတယ်။ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှာ ဒေသခံတွေနဲ့ သတ္တုတူးဖော်ရေး တာဝန်ရှိသူတွေနဲ့ ပြေပြေလည်လည်ဖြစ်အောင် တွေ့ဆုံဖြေရှင်းပေးခဲ့တယ်။ ငွေကမ္ဘာကျော် ကုမ္မဏီတာဝန်ခံ (ဗိုလ်ကြီးဟောင်း) ဦးအောင်ဝင်းကို ဒေသခံ ပြည်သူလူထုနဲ့ မညှိနှိုင်း မတိုင်ပင်ဘဲနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း မလုပ်ပါနဲ့လို့လည်း ပြောလိုက်တယ်။  နောက်ပြီး ကျနော်တို့ ဒီမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ငွေကမ္ဘာကျော် ကုမ္မဏီရဲ့ သတ္တုတူးဖော်မှုကြောင့် လယ်သမားတွေ အားထားရတဲ့  နမ့်ဆီးရီးချောင်း ပျက်စီးသွားတဲ့အပေါ်  အမြန်ဆုံးပြန်လည် ပြုပြင်ပေးဖို့လည်း ပြောသွားတယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ  သတ္တုတင်ပို့ကားများ ဟွေ့အို့ဘက်သို့တက်သွားကြောင်း ၂၅ရက်နေ့ကတည်းက သျှမ်းနိုင်ငံရေးပါတီ ၂ခု ဖြစ်သည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ခေါ် ကျားခေါင်းပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) ခေါ် ကျားဖြူပါတီ တို့မှ တာဝန်ရှိသူများနှင့် လယ်သမားခေါင်းဆောင်များစုပေါင်းပြီး အုပ်ချုပ်ရေးရုံးသို့ သွားရောက်ပြောဆို သတင်းပေးပို့ခဲ့သည်။ မြို့ခံချင်း ထိပ်တိုက် တွေ့စရာ မလိုအောင်၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာအောင် သတ္တုတင်ပို့မှုအား တားမြစ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အဆိုပါ သတ္တုတင်ယာဉ်တန်းအား တားဆီး၍မရခဲ့ကြောင်း မြို့နယ်ရဲမှူးကြီးက ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုလည်း စိုင်းလိန်မြတ်က သျှမ်းသံတော်ဆင့်အားပြောသည်။  

“အဲ့ကျောက်တင်ကားကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့က ကောင်းခါး KDA ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖြစ်နေလို့တဲ့ မြို့နယ်ရဲမှူးကြီး က အုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့ ကို ဖုန်းဆက်တယ်။ ဟွေ့အို့ ကနေ သတ္တုသယ်ဆောင်ပြီးအပြန် ကောင်းကတ်ကျေးရွာမှာ တားသေးတယ် တားလို့မရဘူးတဲ့။”

လယ်သမားခေါင်းဆောင် စိုင်းဆမ်မွန်က “အရင်ကတည်းက ပန်ခါးရွာမှာ သတ္တုထုတ်လုပ်မှုကြောင့် နမ့်ဆီးရီးချောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေတွေပျက်စီးဆုံးရှုံးနေတာကိုတောင် ပြန်လည်မပြုပြင်ပေးသေးဘဲနဲ့  အခု နေပြည်တော်အစိုးရဆီက ပါမစ်တောင်းပြီး ဟွေ့အို့ရွာမှာ ထပ်တူးမယ်ဆိုတော့ ဒါ မဖြစ်သင့်တဲ့ကိစ္စပဲ” ဟု ၄င်းက ဆိုသည်။

 အဆိုပါ ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေးကုမ္ပဏီမှ သတ္တုတူးဖော် သယ်ဆောင်ခွင့်ပါမစ် ရရှိထားသည့်ကိစ္စကိုလည်း သျှမ်းပြည် သတ္တုတွင်းဝန်ကြီး (SNDP ကျားဖြူပါတီ ဥက္ကဌကြီး)  ဦးစိုင်းအိုက်ပေါင်းမှ မသိရှိရဟုလည်း ပြောဆိုပါသည်။