သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရ စစ်တပ်က အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်တန့်ရန် သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က တောင်းဆိုလိုက်သည်။
အစိုးရစစ်တပ်က SSPP/SSA အား အောက်တိုဘာလဆန်းပိုင်းမှစ၍ လက်နက်ကြီး အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ အသက်ဘေး အန္ဒရာယ်နှင့် ရင်ဆိုင်တွေ့ကြုံ နေရသည့် ကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ ၁၀ရက််နေ့က သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
“စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်။ အသက်ဘေး အန္ဒရာယ် တွေနဲ့ တွေ့ ကြုံနေရ တယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေ ခံနေရတယ်။ ဒါကြောင့် ထိုးစစ်ဆင်တိုက်ခိုက် နေတာကို ရပ်တန့်ဖို့ တောင်းဆိုတယ်။ နောက်အစိုးရက SSPP/SSA ထိန်းချုပ်နယ်မြေထဲ အင်အား တွေ ဆက်ဖြည့်နေတယ်။ အစိုးရစစ်တပ်က တပ်ရုပ်သိမ်းပြီး ဆုတ်ခွာပေးဖို့လည်း တောင်းဆိုတယ်။ ဒီရည်ရွယ်ချက်နဲ့ ကြေငြာချက် ထုတ်ပြန်ရတာပါ” ဟု သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင် (SHRF) မှ နန်းခွမ်လိတ် က ပြောသည်။
ငြိမ်းချမ်းရေးတည်ဆောက်နေချိန်၌ အစိုးရစစ်တပ်က SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည် အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား ငြိမ်းချမ်းရေး တည်ဆောက်နေ မှုကိုပျက်ပြားစေ သည့်အပြင် ယုံကြည်မှုလည်း ပျက်ပြားစေကြောင်း ဆို၏။
“အခု အစိုးရစစ်တပ်က SSPP/SSA ကို စတိုက်တာဖြစ်တယ်။ အစိုးရက အပြောနဲ့အလုပ်မညီဘူး။ အစိုးရအနေနဲ့ သူတို့ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ်မှာ သဘောထားမမှန်သလို ဖြစ် နေတယ်။ အဲဒါကြောင့် ရှုတ်ချချင်ပါ တယ်။ အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်နေသလို ငြိမ်းချမ်း ရေး လည်း ဖော်ဆောင်နေတယ်။ ဒါတွေကို အစိုးရက သဘောထားရိုးအမှန်နဲ့ လုပ်နေတာလားပေါ့” ဟု ပြောသည်။
သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေငြာချက်၌ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း အစိုးရစစ်တပ်က SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတောအတွင်း (အောက်တိုဘာလ ၃ ရက်မှ ၆ ရက်နေ့အထိ) မော်တာကျည်ထိမှန်၍ ဒေသခံရွာသား ၂ ဦး သေဆုံး ကာ တဦးဒဏ်ရာရရှိကြောင်း၊ ပုံအမ်းရွာမှ မိုင်းရယ်သို့ သွားရာလမ်း၌ ရွာသား ၂ ဦး ပစ်သတ်ခံရ ကြောင်း၊ ၁၈ နှစ်အရွယ် ရွာသားတဦး ရိုင်ဖယ်သေနတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံရ ကြောင်း ရေးသားဖော်ပြထားသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်က အောက်တိုဘာလ ဆန်းပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့တိုင် အခြေအနေ တင်းမာနေဆဲ ဖြစ်သည်။