တာင်ကြီး မြို့ပေါ်တွင် ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွား

တာင်ကြီး မြို့ပေါ်တွင် ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီး မြို့တွင် အောက်တိုဘာ ၄ ရက် ၊ ည ၁၀ နာရီကျော်က  ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွား ခဲ့သည်။

တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အမှတ်(၂၁၂)၊ စစ်သွယ်ရေးတပ် ယာဉ်ထိန်းရုံးရှေ့တို့၌ ဗုံးပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ယာဉ်ထိန်း နှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်းတာဝန်ရှိသူများထံမှသိရသည်။

DSC 8672

 “စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဝဲဘက်ဘေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) ဂိတ် ရှေ့ ကားမှတ်တိုင် မှာ ဗုံး  ၁ လုံး ပေါက်ကွဲတယ်။  ထိခိုက်ဒဏ်ရာရမှုတော့မရှိဘူး။  ကားမှတ်တိုင်အမိုး သွပ်ပြားတွေလန်ထွက်ပျက်စီးတယ်။  ကျောင်းကြီးစုရပ်ကွက် ဗိုလ်ချုပ်လမ်း၊ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးဘေး အမှတ်(၂၁၂)ဆက်သွယ်ရေးတပ်ရှေ့ မှာလည်း ဗုံး ၁ လုံး ပေါက်ကွဲတယ်။ အဲဒါလည်း ထိခိုက်ဒဏ်ရာရှိမှုမရှိ ဘူး။ အဲဒီနေရာနဲ့မျက်နှာချင်းဆိုင် အမှတ်(၁၅) ယာဉ်ထိန်း ရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးဝင်ပေါက် လမ်းယာဘက်အပင် အောက်မှာလည်း ဗုံး  ၁ လုံးထပ်မံပေါက်ကွဲတယ်။ ဆက်သွယ်ရေး တပ် ရှေ့ ကပေါက်ကွဲသံကြားလို့ ထွက်ကြည့်ကြတာ အစကတော့ ကျတော်တို့ခြောက်ယောက်ရှိတယ် အဲ့ထဲက နှစ်ယောက်ကပြေးထွက်ကြည့်တာ အဲ့နှစ်ယောက်ထိသွားတယ်။ ၂  ဦး”  ဟု ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး တိုင်းစစ်ဌာနချုပ်မှ စအရ (၉၀၃) မှမိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် ဗုံးပေါက်ကွဲသည့်  နေရာသို့သွားရောက် ရှင်းလင်းရှာဖွေရာ  ရလခတိုင်း စစ်ဌာနချုပ်၊ ဂိတ်(၁)ရှေ့အနီး ဗိုလ်ချုပ်လမ်း၊ လမ်းလယ်ကျွန်းအုတ်ခုံဘေးနှင့် ဆိုင်းဘုတ်အနီး  တွင်မပေါက်ကွဲ သေး သည့်ဗုံး ၂  လုံးထပ်မံတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ဗုံးကို  သဲအိတ်များကာရံ၍ ဖောက်ခွဲ ဖျက်စီးခဲ့ကြောင်း ရဲအသိုင်းအဝိုင်းက ပြောသည်။

ထို့ကြောင့် စုစုပေါင်း ဗုံး (၅) လုံးအနက် သုံးလုံးမှာပေါက်ကွဲမှုဖြစ်ခဲ့ပြီးကျန်နှစ်လုံးမှာ အချိန်မှီဖောက်ခွဲဖျက်စီး နိုင်ခဲ့ ကြောင်း သိရသည်။

ဤပေါက်ကွဲမှုနှင့်ပတ်သက်၍တောင်ကြီးမြို့ဒေသခံပြည်သူများထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ကျောင်းကြီးစု ရပ်နေ ဒေသခံတစ်ဦးက ပြောသည်။

DSC 8677

“တော်တော်လန့်သွားတယ်။ အသံအကျယ်ကြီးကို ငါးမိနစ်ခြားတစ်ခါလောက် ကြားရတယ်။ အိမ်နဲ့လည်းနီး တော့ အိမ်တွေတောင်ခါရမ်းသွားတယ်။ ဒါရိုးရိုးဗျောက်အိုးဖောက်တာမဟုတ်ဘူး။ တစ်ခုခုတော့ဖြစ်နေပြီ ဆိုတာ ချက်ချင်းသိလိုက်တယ် ” ဟု ၎င်းကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက်တိုဘာလ ၅ရက်နေ့ တောင်ကြီးမြို့တွင် လုံခြံုရေးများ တိုးမြင့်ချထား၍ မြို့ဝင်မြို့ထွက်ရှိ စစ်ဆေး ရေးဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း များဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။