လားရှိုး မြို့မ ဈေးအတွင်း ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ရွှေထည်များ ဓါးပြ တိုက်ခံရ

လားရှိုး မြို့မ ဈေးအတွင်း ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ရွှေထည်များ ဓါးပြ တိုက်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့မ ဈေးအတွင်းရှိ ရွှေဆိုင်တစ်ခုအား ပစ္စတို သေနတ် ကိုင်ဆောင်သူ  တစ်ဦးက ဝင်ရောက် ဓါးပြ တိုက်ရာ ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်း ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက် ၂၀၁၄ နေ့ခင်းပိုင်း၌ လားရှိုးမြို့ လွယ်ရိုး မြို့မဈေးအတွင်းရှိ ‘ဝေဟင်’ ရွှေဆိုင်အား ပစ္စတိုသေနတ်ကိုင်သူ လူတစ်ယောက်က  ဝင်ရောက်ကာ ရွှေဆိုင်ပိုင်ရှင် စိုင်းထွန်းမြတ်ကို သေနတ် ထောက်၍ ရွှေထည်များအားဓါးပြတိုက်ယူသွားပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော် ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ရသူ  အားရင် က ပြောသည်။

“ဓါးပြကတယောက်တည်း။ မျက်နှာဖုံးအနက်ရောင်စွပ် ထားတယ်။ ရွှေတွေကို ယူပြီး အောင်သီရိ ရုပ်ရှင်ရုံ ဘက်ထွက် သွားတယ်။ ဆိုင်ကယ်အသင့် နိုးပြီး စောင့်နေတဲ့ နောက်တစ်ယောက်နဲ့ လိုက်စီးပြီး ထွက်ပြေး သွားတယ်။ နေ့ခင်းကြောင်တောင်မို့ လူတွေက အံ့အားပြီးဘယ်သူမှလည်း သူတို့နောက် မလိုက်ရဲကြဘူး ” ဟု  နန်းအားရင် ကပြောသည်။

အဆိုပါ ဓါးပြအား ယနေ့တိုင် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း လားရှိုးမြို့ခံများကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရွှေကုန်သည်နန်းမွန်းကလည်း လားရှိုးမြို့သည် လက်နက်ကိုင်သူ ပေါများ သောကြောင့် ဈေးသည်များလုံခြုံစိတ်ချမှု လုံးဝ မရှိတော့ကြောင်း၊ မန်ဆူပလာဇာအပါအဝင် ဈေးအတွင်း လုံခြုံ​ရေးတိုးချသင့်ကြောင်း ဤကဲ့သို့ပြောသည်။

“ရဲတပ်ဖွဲ့ကို ငှါးရင်ငှါး။ မငှါးရင်လဲ ကိုယ့်ဟာကို ပိုက်ဆံစုပြီးလုံခြုံရေးချရတော့မယ်။ အခုဟာကအသက် အန္တရာယ်ပါ စိုးရိမ်ရတယ်။ ကိုယ်ကခုခံရင် ပစ်သတ်ခံရမှာ၊ ဗီဒီယို ဇါတ်လမ်းတွေထဲက အတိုင်းဘဲ ၊ ဓါးပြတွေ ထွက်ပြေးပြီးမှဘဲ အာဏာပိုင်တွေ ရောက်လာတော့တယ်။ အခု လဲ ဒီအတိုင်းဘဲ” ဟု ပြော သည်။

ယမန်နှစ်ဧပြီလ တုန်းကလည်း မူစယ်မြို့ ​စည်ပင်သာယာဈေး ‘ရွှေလင်းရောင်’ ရွှေဆိုင်အား သေနတ် သမား သုံးဦး ဓါးပြဝင်တိုက်သောကြောင့် ရွှေတပိဿာပါသွားခဲ့သည်။

ယခုနှစ်အတွင်း နယ်စပ်တလျှောက်တွင် လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးများကြောင့် လုယက်မှု ဓါးပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွါးခဲ့ရာ မကြာသေးခင်ကလည်း လောင်းကစားရှုံးမှုကြောင့်မူစယ်မြို့ ကောင်းမူးလွယ်ရပ်ကွက်တွင် နေအိမ်အတွင်းဝင်ရောက်ဓါးပြတိုက်မှု ဖြစ်ပွါးခဲ့သေးသည်။

Most read this week