နမ့်ခမ်း မြို့နယ် အုပ်ချုပ်ရေး (ထောက်/ကူ) နေအိမ် လက်ပစ်ဗုံး ပစ်ခံရ

နမ့်ခမ်း မြို့နယ် အုပ်ချုပ်ရေး (ထောက်/ကူ) နေအိမ် လက်ပစ်ဗုံး ပစ်ခံရ
by -
သျှမ်းသံတော်ဆင့်

နမ့်ခမ်း မြို့နယ် အုပ်ချုပ်ရေး အထောက်အကူပြု ကော်မတီ အဖွဲ့ဝင် တစ်ဦး၏ နေအိမ်အား မော် တော်ဆိုင်ကယ် သမားနှစ်ဦးက စက်တင်္ဘာလ ၁၈ရက်နေ့ ညက လက်ပစ်ဗုံး တစ်လုံး ပစ်ထည့်ရာ တစ်ဦး ဒဏ်ရာ ရရှိ သွားသည်ဟု ဆိုသည်။

စက်တင်ဘာ ၁၈ ရက် ည ၈.၃၅ နာရီက အဖွဲ့အစည်း နှင့် အမည်မသိ ဆိုင်ကယ်သမား ၂ ဦးက နမ့်ခမ်း မြို့ နောက်ဇန့်ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ် နေထိုင်သူ နမ့်ခမ်းမြို့အုပ်ချုပ်ရေး အထောက်အကူ ပြုကော်မတီဝင် ဆရာစိုင်းအောင်ဝင်းနေအိမ်အား လက်ပစ်ဗုံးတလုံးပစ်ခတ်သွား သောကြောင့် ၎င်း၏ညီစိုင်းညွန့်မောင် ထိခိုက်ဒဏ်ရာရှိသွားသည်ဟု ပြောသည်။

bomb in nam kham

“ကြည့်ရတာလက်လုပ်ဗုံးဘဲ၊ ခဲတွေ သံတွေ ပါတယ်။   မီးခိုးတွေ အူပြီး စက္ကန့်ပိုင်း ပဲပေါက် ကွဲတာ။ ကျနော့်ညီသွားကြည့်တော့ သူဘဲထိမှန်တာ။ ညို့သကျည်း၊ ဝမ်းဗိုက်၊ ရင်ဘတ်၊ မျက်နှာ နဲ့ ဦးခေါင်း တွေမှာဒဏ်ရတယ်။ ဒဏ်ရာ မကြီးပေမယ့် ထိမှန်တဲ့နေရာများတယ်။ ဆေးရုံမှာအခု။ ဗုံးပေါက်တဲ့နေရာ ကတော့ လေးလက်မ လောက်ဘဲ ကျင်းဖြစ်သွားတာ။ အပြင်းစားမဟုတ်ဘူး။ လက်လုပ်ဗုံးလို့ ဘဲယူဆတယ်” ဟု ဆရာစိုင်းအောင်ဝင်း က ပြောသည်။

လက်ရှိအနေအထားအရ နမ့်ခမ်းမြို့သူ မြို့သားများအတွက် လုံခြုံမှု လုံးဝ မရှိတော့ကြောင်း၊ ထိုကဲ့သို့ လက်ပစ်ဗုံးမပစ်ခံရစဉ် ရက်ပိုင်းတုန်းကလည်း ဖေ့စ်ဘုတ်မှတဆင့် ဆရာစိုင်းအောင်ဝင်းအား ခြိမ်း ခြောက်ခဲ့ဘူးကြောင်းလည်းပြောသည်။

“ဒီလိုအခြေအနေက ကျနော်တို့မြို့မှာ လုံခြုံစိတ်ချမှု မရှိတော့ဘူး။ အဲဒီဗုံးမပေါက်ခင် တုန်းကလည်း မိမိရပ်ရေးရွာရေးလုံခြုံမှု ရှိဖို့ အာဏာပိုင်တွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့၊ ကိုယ်ထူကိုယ်ထ လုံခြုံရေးချဖို့ အစည်းအဝေးမှာ ကျနော်တင်ပြဆွေးနွေးဖူးတယ်” ဟု ဆရာ စိုင်းအောင်ဝင်းက ပြောသည်။

ဆရာစိုင်းအောင်ဝင်းသည် ရပ်ရွာအကျိုးပြုလုပ်ငန်းဖြစ်ထွန်းအောင်မြင်ရေး၊ သတ္တုတူးဖေါ်ရေး လုပ်ငန်း ရပ်ဆိုင်းရေး၊ သျှမ်းပြည်နယ်အတွင်းနယ်ကျွံသတ်မှတ်သည့် တရုတ်နယ်ခြားမှတ်တိုင်အား နေရာမှန် ပြန်လည်စိုက်ထူနိုင် ရေး၊ ဈေးခွန်တိုးမြင့်ကောက်ခံခြင်းမပြုရေးအတွက် ဦးဆောင်ဦးရွက်လှုပ်ရှားသည့် ပုဂ္ဂိုလ်ဖြစ်သည်။

နမ့်ခမ်းမြို့နယ်အတွင်း မြန်မာအစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့တို့ အခြေစိုက်နေထိုင်သည့်အပြင် နယ်မြေခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့များဖြစ်သည့် မြို့မ ပြည်သူ့စစ်တပ်ဖွဲ့၊ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် အပစ် ခတ်ရပ်စဲရေးမရှိသေးသည့် တိုင်းရင်းသားတပ်ဖွဲ့များလည်း နမ့်ခမ်းမြို့နယ်အတွင်း လှုပ်ရှားသွားလာ တတ်သည်။