သျှမ်း/တောင် မိုင်းပန် မြို့နယ်တွင် သျှမ်းတပ်ဖွဲ့အား အစိုးရတပ် တိုက်ခိုက်

သျှမ်း/တောင် မိုင်းပန် မြို့နယ်တွင် သျှမ်းတပ်ဖွဲ့အား အစိုးရတပ် တိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း မိုင်းပန် မြို့နယ်အတွင်း လှုပ်ရှား နေသော RCSS/SSA တပ်မတော်မှ တပ်ဖွဲ့  တစ်ဖွဲ့အား မြန်မာ့ တပ်မတော် စစ်ကြောင်း တစ်ကြောင်းက သြဂုတ်လ ၁ရက်နေ့က လိုက်လံ ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွါးခဲ့ကြောင်း သျှမ်းပြည် တောင်ပိုင်း သတင်းရရှိသည်။

မိုင်းပန်မြို့နယ် လုံကျိန်ရွာအနီးလှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော်၏ တပ်ဖွဲ့တစ်ဖွဲ့အား မိုင်းပန်မြို့ ခမရ ၅၂၀ မှ စစ်ကြောင်း တစ်ကြောင်းက  စက်တင်ဘာလ ၁ ရက်နေ့က လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

02- Mongpan

“လုံကျိန်ရွာမှာ ခေတ္တနားပြီးနေ့လည်စာစားမယ့် သျှမ်းစစ်သား ရ ယောက်ကို အစိုးရစစ်ကြောင်းက ဘယ်ကသတင်းရလာလဲမသိ  ပစ်ခတ်ဖို့လာဝိုင်းတာ။ သျှမ်းစစ်သားတွေ တောဘက်ရှောင် ထွက်သွားတယ်။ မြန်မာစစ်တပ်က လိုက်ပြီး လက်နက်ကြီးတွေနဲ့ရမ်းထုတယ်။ ၄ လုံးတောင်”  ဟု မိုင်းပန်ဒေသခံ စိုင်းနောင့်က ပြောသည်။

တောဘက်သို့ထွက်ပြေးသွားသော သျှမ်းပြည်တပ်မတော်သားများနောက်သို့ လိုက်ကာထပ်မံ ပစ်ခတ်သဖြင့် ၁၅ မိနစ်ခန့်အကြာ နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်ဟုဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်း လုံကျိန်ရွာသူတစ်ဦးနှင့်အတူ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအား မြန်မာစစ်တပ်က ဖမ်းဆီးကာ ခမရ ၅၂၀ သို့ခေါ်ဆောင် စစ်ဆေးကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် မြို့တွင်းရပ်ကွက်နေ ဒေသခံအမျိုးသမီး တစ်ဦးကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အဲဒီအဒေါ်ကြီးကို သူပုန်ရဲ့မိန်းမ လို့စွပ်စွဲပြီး စစ်ဆေး မေးမြန်းတယ်။ ရိုက်နှက် မလို့လုပ်တော့ ကောင်မလေးက အဲဒီစစ်ဆေးရေးအဖွဲ့ကို လက်အုပ်ချီပြီး တောင်းပန်တာ။ အဒေါ်ကြီးက အသက်ကြီး ပြီလေ။ သျှမ်းစစ်သားရဲ့ မိန်းမလည်း မဟုတ်ပါဘူး။ အဲတာကို လုံကျိန်ရွာက ရပ်မိရပ်ဖ လုံးတ ဆိုသူကိုခေါ်ပြီး  အာမခံချက်ပေးမှ အမျိုးသမီးနှစ်ယောက်ကို ပြန်လွှတ်ပေးတာ” ဟု သူမက ဆိုသည်။

သျှမ်းစစ်သားများ နေ့လည်စာစားရန်  ခေတ္တနားခိုသော လုံကျိန်ရွာမှ ရွာသားတစ်ဦး၏ နေအိမ်ရှိ အိုးခွက်ပန်း ကန်များ အားလုံးကိုလည်း မြန်မာစစ်ကြောင်းက ရိုက်ခွဲဖျက်ဆီးခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါနေ့က ဥပုပ်နေ့လည်းဖြစ်သဖြင့်  ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သက်ကြီးပိုင်းများ ဘုန်းကြီး ကျောင်းသို့ ဥပုပ်သီလ သွားမစောင့်ရဲတော့ဘဲ မြို့ဘက်ရှိ ဆွေမျိုးများအိမ်သို့ တိမ်းရှောင်ကာ ခိုလှုံ နေကြကြောင်း စိုင်းနောင့်က ဆက်လက်ပြောပြသည်။

မြန်မာစစ်တပ်နှင့် သျှမ်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးလျှက်ရှိသော လုံကျိန်ရွာသည် မိုင်းပန်မြို့နယ်၏ အနောက် မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်တည်ရှိသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်  RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ထားသည့်အဖွဲ့ဖြစ်သည်။

Most read this week