ကျေးရွာ အတွင်းမှ အစိုးရ တပ်မတော် ဆုတ်ခွာပေးရန် စစ်ပြေးရှောင်များ သမ္မတထံ တောင်းဆို

ကျေးရွာ အတွင်းမှ အစိုးရ တပ်မတော် ဆုတ်ခွာပေးရန် စစ်ပြေးရှောင်များ သမ္မတထံ တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင် ခရိုင် ဝမ့်ဝပ်ကျေးရွာ အုပ်စု တာ့ဖာဆောင် ကျေးရွာအတွင်း တပ်စွဲ ထားသည့် မြန်မာ့ တပ်မတော်အား ဆုတ်ခွာပေးရန် စစ်ပြေးရှောင် ဒေသခံ များက သမ္မတ ဦးသိန်းစိန်ထံ သြဂုတ်လ ၂၆ရက်နေ့က စာရေးသား ပေးပို့ တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA  နှင့် မြန်မာ့တပ်မတော်ကြား လွန်ခဲ့သည့် ဂျွန်လနှောင်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် တာ့ဖောင်ဆောင်ရွာသူရွာသားများ အိုးအိမ်စွန့်ခွာကာ  ဝမ့်ဝပ်ဘုန်းကြီး ကျောင်း၌ ယနေ့တိုင် ခိုလှုံနေကြရကြောင်း၊ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၉၁ ဦးရှိကြောင်း သိရသည်။

“ရွာသူရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တော့ မြန်မာစစ်တပ်က ရွာသူရွာသားတွေရဲ့ နေအိမ်ခြံဝင်းတွေမှာ ဝင်ရောက်နေရာယူတယ်။ ရွာထဲမှာလည်း ခံတုတ်ကျင်းတွေ တူးထာတယ်။ ဒါကြောင့် ရွာသူရွာသားတွေ ရပ်ရွာမှာပြန်နေဖို့ ခက်ခဲနေတယ်” ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) မှ နန်းခေါန်လိတ်က ပြောသည်။

တဖက်တွင်လည်း ဂျွန်လ ၂၆ ရက်မှ ယနေ့တိုင် မြန်မာ့တပ်မတော် တပ်ရင်းများမှ ရွာလမ်းမပေါ် စည်းရိုးခတ် လမ်းပိတ်ကာ ရွာသူရွာသားများအား တင်းကြပ်စွာ စစ်ဆေးမေးမြန်းလျှက်ရှိကြောင်း သိရှိရသည်။

“တိုက်ပွဲတွေဖြစ်နေတာကတစ်ကြောင်း ရွာထဲမှာ မြန်မာစစ်တပ်က စခန်းချထားတဲ့အတွက်က တစ်ကြောင်း ရွာသူရွာသားတွေလည်း ရွာမပြန်ရဲဘူး။ သီးနှံတွေလည်း ရင့်မှည့်ပြီ။ ယူချိန်တန်ပြီ။ သွား မယူရဲဘူး။ အဓိက မြေပဲပေါ့။  ခုဆိုရင် သီးနှံတွေ အမှည့်လွန်ပြီး ပျက်စီးကုန်တယ်။ ပျိုးနှုတ်ချိန် ဘယ်သူမှလယ်ထဲမဆင်းရဲကြဘူး။ ပြောင်းခင်းတွေကို ခတ်ထားတဲ့ ခြံစည်းရိုးတွေ မြန်မာစစ်တပ်က ဖျက်ပစ်တယ်။ ပျက်စီး သွားတဲ့ ခြံစည်းရိုးတွေကို ပြန်ပြင်ဖို့လည်း မြန်မာစစ်တပ်က ခွင့်မပြုတော့ ကျွဲ၊ နွားတွေ ပြောင်းခင်း ထဲဝင်ရောက် စားသောက်ကုန်တယ်” ဟု နန်းခေါန်လိတ် က ဆက်ပြောသည်။

လက်ရှိတွင် စိုက်ခင်းဧက စုစုပေါင်း ၄၂၂.၅ ဧက ပျက်စီးဆုံးရှုံးကြောင်း၊ လယ် ၄၃.၅ ဧကမှာ ပျိုးသက် ရင့်၍ စိုက်ပျိုးချိန်ကုန်လွန်ကာ မြေပဲ၊ ပြောင်း ဧက ၃၇၉ ပျက်စီးကြောင်း၊ အစိုးရတပ်မတော်က ရွာသူရွာသားများ မွေးမြူထားသည့် ကြက်၊ ဝက်များကိုလည်း ယူငင်စားသောက်ကြောင်း ဆိုသည်။

ထို့ကြောင့် တာ့ဖာဆောင်ကျေးရွာအတွင်း နေအိမ်ခြံဝင်းများ၌ ဝင်ရောက်နေရာယူထားသည့် အစိုးရ တပ်မတော်စစ်ကြောင်းအား ဆုတ်ခွာပေးရန်၊ ပျက်စီးသွားသည့် ခြံဝင်း၊ အသုံးအဆောင်ပစ္စည်းများ၊ လယ်ယာသီးနှံများကို နိုင်ငံတော်မှ ပြန်လည်ထူထောင်ပေးရန် ရွာသားများ၏တောင်းဆိုချက်ကို (SHRF) မှ သမ္မတထံ လက်ဆင့်ကမ်းပေးပို့ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ဂျူလိုင်လ ၈ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန်သံရုံး၌ သျှမ်းလူမှုအဖွဲ့ အစည်းများက ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။