သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်း မြို့နယ်၊ နောင်စန့် ရပ်ကွက်တွင် ဂျူလိုင်လ ၂၃ ရက် ည ၈ နာရီခန့်က ဆိုင်ကယ် စီးနင်း မောင်းနှင် လာသည့် လူငယ် တစ်ဦးအား နမ့်ခမ်း မြို့အဝင် မူစယ် - နမ့်ခမ်း လမ်း လုံခြံုရေး ယူသည့် ပြည်သူ့ စစ်တပ်ဖွဲ့က လိုက်လံ ပစ်သတ် လိုက်ကြောင်း သျှမ်းသံတော်ဆင့် မှ သတင်းရရှိသည်။
သေဆုံးသွားသူလူငယ်မှာ နမ့်ခမ်းမြို့ ပေါက်လုံရပ်ကွက်နေ စိုင်းစောဝင်း၊ ဒေါ်နန်းခမ်းမှုံ တို့၏သား၊ `မောက်မန်းမွေ´ဘောလုံးအသင်းဂိုးသမား အသက် ၂၄ နှစ်ရှိ စိုင်းပေါင်းပေါင်း (ခေါ်) စိုင်းနွံခေး ဖြစ်သည်။
ဆိုင်ကယ်မောင်းနှင်လာစဉ် နောင်ခန် ကျေးရွာမှ နမ့်ခမ်းမြို့အဝင် နောင်စန့်ကုန်းတောင်ခြေတွင် လုံခြံုရေးယူနေသော ပြည်သူ့စစ်တပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းရာ နောက်ဆုံးသေနတ်ဖြင့်ပစ်ခတ် သည့် အဆင့်ရောက်ခဲ့ ကြောင်း ပစ်သတ်ခံရသူ အသိုင်းအဝိုင်းကပြောသည်။
“သူ့သူငယ်ချင်းတယောက်တင်ပြီး နောင်ခန်ကျေးရွာကနေ ဆိုင်ကယ်စီးပြီးအပြန် နောင်စန့်ကုန်း တောင်ခြေ မှာ လုံခြံုရေးယူနေတဲ့ ပြည်သူ့ စစ်တပ်ဖွဲ့က တားဆီးစစ်ဆေးတာ။ ဆိုင်ကယ်မရပ်ပေးလို့ ဆိုပြီး ပြည်သူ့စစ် တွေက သူတို့နှစ်ယောက်နောက် လိုက်လာပြီး နောင်ဇန့်ရပ်ကွက် နှင်းပုလဲဘော်ဒါ ဆောင် နားရောက်တော့ လိုက်လို့မီတာနဲ့ ခေါင်းတည့်တည့်ကို ပစ်ထည့်လိုက်တာ၊ ပထမ တချက်က မထိဘူး။ နောက်တချက်တော့ ခေါင်း ထုတ်ချင်းပေါက်ဘဲ ” ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
သေဆုံးသူ စိုင်းပေါင်းပေါင်းအား ရုရှားလုပ် ပစ္စတိုသေနတ်ကိုင်ဆောင်သည်ဟု အာဏာပိုင်များက အမှုဆင် စွပ်စွဲထားကြောင်း သီးခြားအတည်မပြုသေးသည့် သတင်းအရ ကြားသိရသည်။
``ကျနော့်သူငယ်ချင်းက လူကောင်း။ ကျနော်တို့ ရပ်ကွက်ရဲ့ ဂိုးသမား။ သူတို့ပြောသလို သျှမ်းတပ် နဲ့ ပတ်သက်နေတာ ပစ္စတို သေနတ်ကိုင်ဆောင်နေတယ်ဆိုတာတွေက လုံးဝမဟုတ်ဘူး။ လုပ်ကြံမှုဘဲ ဒီကိစ္စက၊ သူဝတ်ထားတဲ့ အဝတ်အစားတွေ ကြည့်လိုက်လေ။ သေနတ်ထိုးချိတ် နိုင်တဲ့ဟာမဟုတ်ဘူး။ သားရေကြိုး ဘောင်းဘီကြီး ´´ ဟု သူငယ်ချင်းဖြစ်သူ အိုက်ဆိုင်လုံက ပြောသည်။
သေဆုံးသွား၏ ဆိုင်ကယ်နောက်လိုက်ပါစီးနင်းလာသူမှာ မိုခမ်းရပ်ကွက်နေ သူငယ်ချင်းဖြစ်သူ စိုင်းနော်ခမ်း (ခေါ်) အိုက်ကုံ ဖြစ်ကြောင်း အမည်မဖော်လိုသူ ကိုယ်တိုင်မြင်တွေ့ရသည့် ရပ်ကွက် သားတစ်ဦးက ပြောသည်။
“ အိုက်ကုံက သူ့သူငယ်ချင်းအလောင်းကို ထွေးပွေ့ပိုက်ထူတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တယောက်က သူ့ကို မင်း… မဖယ်ရင် မင်းပါသေနတ်ထိမိတော့မယ် လို့ ပြောလိုက်သေးတယ်၊ ပြီးတော့ ပြည်သူ့ စစ်တပ်ဖွဲ့တွေ ကပဲ စိုင်းနွံခေးရဲ့ အလောင်းကို ကားပေါ်တင်ပြီး ဝိန်းဆာကျေးရွာ ဆေးရုံဘက်ကို မောင်းသွားတယ်။ အခုအလောင်း က ဆေးရုံ မှာဘဲ၊ မိဘတွေကို ပြန်မအပ်သေးဘူး၊ သူတို့အိမ်မှာတော့ အသုဘ အခမ်းအနားလုပ်နေပြီ ” ဟု ၎င်းက သျှမ်းသံတော်ဆင့်အား ပြောသည်။
ဤသေမှု သေခင်းမှာ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု မျက်မြင်များက ပြောသည်။ သို့သော် သျှမ်းသံတော်ဆင့်သတင်းဌာနမှ အတည်ပြုချက်မရရှိသေးပါ။
မေလ ကုန်ပိုင်းကလည်း အဆိုပါဒေသဘက် အခြေစိုက်လှုပ်ရှားသည့် တပ်မတော် စစ်ကြောင်း ခလရ ၁၀ က ဒေသအတွင်းသွားလာသည့် နောင်ခန်ရွာ လင်မယားနှစ်ဦးအား တားဆီးစစ်ဆေးရာ ဆိုင်ကယ်ရပ်ပေးခြင်း မရှိသဖြင့် လက်နက်ကြီးငယ် လိုက်လံပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးသွားပြီး လင်ယောကျာ်းဖြစ်သူ က ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ အဆိုပါ အမှုလည်း ယနေ့အထိ တစုံတရာ စီရင်ဆုံးဖြတ်ခြင်း၊ ကျူးလွန်သူကို ပြစ်ဒဏ်ပေးခြင်းလုံးဝ မရှိသေးပေ။