သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အား ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ ဖျက်သိမ်းပေးရန် နမ့်ခမ်းမြို့ ကျားဖြူပါတီက ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးတောင်း ဆိုလိုက်သည်။
နမ့်ခမ်းမြိူ့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များအားလုံးအား အယုံအကြည်မရှိသောကြောင့် အသစ်ပြန်လည်ရွေးချယ်ပေးရန် ဂျူလိုင် ၉ ရက်နေ့ ရက်စွဲဖြင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဌ ဆရာစိုင်းစောလှ က သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ရွေးကောက် ပွဲကော်မရှင်ထံ စာရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“၂၀၁၀ ရွေးကောက်ပွဲတုန်းက နမ့်ခမ်းမြို့ အမှတ် (၂) မဲဆန္ဒနယ်မှာဆရာစိုင်းစောလှ က အနိုင်ရ ရှိ တယ်။ ဒါပေမယ့် လက်တွေ့မဲရလဒ် ထွက်လာတော့ ပြည်ခိုင်ဖြိုးပါတီက ဦးကျော်မြင့် ဖြစ်သွားတယ်။ ဒါကို ကျနော်တို့က ပုံစံ ၁၆ နဲ့ စစ်ဆေးပေးဖို့တောင်းဆိုတယ်။ တစုံတရာဖြေရှင်းပေးတာ မရှိဘူး။ ရွေး ကောက်ပွဲကော်မရှင် ဥက္ကဌ ကိုယ်တိုင် တာဝန်ယူပေးတာမရှိဘဲ ခရီးထွက်သွားလိုက်တာ။ သူကနမ့်ခမ်း ဒေသခံလဲမဟုတ်ဘူး။ ဒါကို ကျနော်တို့က ဒေသခံကိုဘဲ ရွေးချယ်ပြီး ကျနော်တို့မြို့အတွက် ရွေးကောက် ပွဲကော်မရှင်သစ် ဖွဲ့စည်းပေးဖို့တောင်းဆိုရတာဖြစ်တယ်” - ဟု ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းထွန်းလှ ကပြောသည်။
“နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆရာစိုင်းခမ်းလျဲန်က “ကျနော် မိုင်းဝီးအုပ်စု က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ပါ။ အခုလိုမျိုး ဖြစ်တာ ကျနော်တို့လည်း နာမည်ပျက်တယ်။ လာဘ်စားသလိုဖြစ်နေတယ်။ ဒီလိုဖြစ်ရင်တော့ ရှေ့လာမဲ့ ကြားဖြတ်ရေး ကောက်ပွဲမှာကော ၂၀၁၅ ရွေးကောက်ပွဲမှာပါ မပါဝင်လိုတော့ဘူး”ဟု ပြောသည်။
၂၀၁၄ မကုန်မီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နမ့်ခမ်းမြို့တွင် လစ်လပ်နေသော ဒေါက်တာ စိုင်းကျော်အုန်းနေရာအတွက် ပြည်သူ့လွှတ်တော်အမတ်တစ်ဦး ရွေးကောက်တင် မြောက်ရမည်ဖြစ်သည်။
ဒေါက်တာစိုင်းကျော်အုန်းသည် နမ့်ခမ်းမြို့ ကျားဖြူပါတီ ဥက္ကဌ ဖြစ်ပြီး နေပြည်တော်အစိုးရ အဖွဲ့ဝင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး တာဝန်ထမ်းဆောင် လိုက်ရသော ကြောင့် ၎င်း၏နေရာ လစ်လပ်နေခြင်းဖြစ်သည်။ ထို့အတူ နမ့်ခမ်းမြို့ကျားဖြူပါတီ ဥက္ကဌ ရာထူး နေရာလည်း လူသစ်အစားထိုး ခန့်အပ်ဖွယ်ရှိနေသည်ဟု ပါတီ ဝင်များက ပြောသည်။