RCSS/SSA ရုံးစစ်ဆေးခံရမှု အစိုးရ စစ်တပ်မှ လက်တုန့် ပြန်ခြင်း ဟုဆို

RCSS/SSA ရုံးစစ်ဆေးခံရမှု အစိုးရ စစ်တပ်မှ လက်တုန့် ပြန်ခြင်း ဟုဆို
by -
သျှမ်းသံတော်ဆင့်

အစိုးရတပ်သည် သျှမ်းပြည် အရှေ့ပိုင်းမိုင်းတုံ မြို့နယ် ဖိုင်ခယ် ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်မှ ပျောက်ဆုံးသွားခြင်းကို RCSS/SSA ၏ လက်ချက်ဟု  ပြောဆို စွပ်စွဲကာ လက်တုန့် ပြန်သည့် အနေဖြင့် SNLD ၏ ကျေးရွာ (ရုံးခွဲ) ဥက္ကဌအား ဖမ်းဆီး ရိုက်နှက်ခြင်း၊ RCSS/SSA ဆက်ဆံရေး ရုံးအား ရှောင်တခင် စစ်ဆေး ရခြင်း ဖြစ်သည်ဟု စစ် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောပါသည်။

၂၀၁၄ မေလ ၄ ရက်က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းတုံ - ပုံပါကျင် လမ်းမ ပေါ်ရှိ ဖိုင်ခယ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်  နေအိမ်မှ ပျောက်ဆုံးသွားခြင်းသည် သျှမ်းပြည်တပ်မတော် လက်ချက်ဖြစ် သည်ဟုဆိုကာ UPWC မှ ဦးအောင်မင်းတို့အပါအဝင် စစ်ထောက်လှမ်းရေးများက သျှမ်းပြည်တပ်မတော် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောသည်။

အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော်တစ်ဖွဲ့တည်း သွားလာလှုပ်ရှားသည့်နယ်မြေ မဟုတ်သော ကြောင့် ထိုဖြစ်စဉ်အားမသိရှိရကြောင်း သျှမ်းပြည်တပ်မတော်မှ ပြန်ကြားခဲ့သည်ဟု ဗိုလ်မှူးလောဝ်ဆိုင်ပြောဆိုခဲ့ ကြောင်း ပြောသည်။

“ဖိုင်ခယ်က ရွာသူကြီးပျောက်ဆုံးသွားတာကို ကျနော်တို့ထိန်းသိမ်းထားရင် ပြန်လွှတ်ပေးဖို့ ကျနော်တို့ ကို အကြိမ်ကြိမ်ဆက်သွယ်ပြောကြားလာတယ်။ ရွာသူကြီးပျောက်ဆုံးမှု  ကျနော်တို့ ဘာမှ မသိရပါဘူး လို့ ဖြေကြားပြီးပြီ။ ကျနော်တို့ ဥက္ကဌ ကိုယ်တိုင်လည်း လက်မှတ်ထိုးပြီး တရားဝင်အကြောင်းပြန်ပြီးပြီ။  မသိရှိရကြောင်း မပတ်သက်ရကြောင်းပေါ့”   ဟုပြောသည်။

RCSS/SSA ရုံးအားဝင်စီးရခြင်းအကြောင်းရင်းကို အမည်မဖေါ်လိုသည့် စစ်ထောက်လှမ်းရေးတဦးက “အပစ်မဲ့ပြည်သူတစ်ဦးကို RCSS/SSA က ဖမ်းဆီးသွားတယ်။ ပြန်လွှတ်ပေးဖို့ တပ်မတော်ကတောင်း ဆိုတယ်။ လွှတ်မပေးတဲ့အပြင် သတ်ဖြတ်လိုက်တယ်လို့ ကြားတော့ တုန့်ပြန်တဲ့အနေနဲ့ အခုလိုလုပ် ရတာဖြစ်တယ်” - ဟု  ပြောသည်။

လက်တုန့်ပြန်သည့်အနေဖြင့် မြန်မာအစိုးရတပ် ခလရ ၂၄၅ က သျှမ်းပြည်တပ်မတော် RCSS/SSA အားထောက်ပံ့ပေးနေသည်ဟု သံသယရှိသူ ကျိုင်းတုံမြို့ ပိန်းတောဝ့်အုပ်စု နမ့်လင်းမိုင် ဥက္ကဌ စိုင်းဂျဲန် အား ဖမ်းဆီးရိုက်နှက်ခြင်း၊ RCSS/SSA ရုံး တာဝန်ခံအား နှစ်နာရီကျော်ကြာ ထိန်းသိမ်းပြီး ၎င်းတို့၏ ဆက်ဆံရေးရုံးအား စစ်အင်အားဖြင့် သွားရောက် စစ်ဆေးခြင်းတို့ပြုလုပ်ခဲ့ကြောင်း ပြောဆိုသည်။

“ကျနော်တို့ရုံးကို ဝင်မစစ်ခင် စရဖ မှူး ဗိုလ်မှူးရဲနေလင်းက ညတွင်းချင်းကျနော့်ကို ခေါ်တွေ့တယ်။ ဌာနချုပ် ကနေစုံစမ်းကြည့်ပေးခိုင်းပါ့မယ်။ လက်ရှိအနေအထားတော့ကျနော်တို့ ဘာမှ မသိရှိရသေး ဘူးလို့ ပြောပြီးပြီ။ ကျနော်အိမ်ပြန်ရောက်တော့ ကျနော်တို့ကို ဆက်သွယ်သတင်းပေးမှုနဲ့ နမ့်လင်းမိုင် ရွာသူကြီးကို ဖမ်းဆီးရိုက် နှက်တယ်၊ ယနေ့ထိ ချုပ်နှောင်ထားတယ်။ နောက်တရက် မေလ ၆ ရက်  ကျနော်တို့ရုံးကို အင်အားနဲ့ ဝင်စစ်တော့တာ” - ဟု ကျိုင်းတုံရုံးတာဝန်ခံ ကပြောသည်။

ပျောက်ဆုံးသွားသည့် ဖိုင်ခယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်သည် ခလရ ၆၅ မှ ဒုတပ်ကြပ် ရာထူးဖြင့် အနားယူသည့် စစ်မှုထမ်းဟောင်းတဦးဖြစ်ကြောင်း ဒေသခံ တဦးက ဤကဲ့သို့ပြောသည်။
 
“ဦးတင်အောင်ဆိုတာက အောက်ပြည်မှာ  မယားကြီး ရှိတယ်။ သူက တပ်ထွက်။ ဖိုင်ခယ်မှာရပ်ရွာ အုပ်ချုပ်ရေးမှူး လုပ်တာမကြာသေးဘူး။ ဦးရီအောင် ဆင်းသွားလို့  သူတက်လာတာလေ။ ကျနော်တို့ ရွာမှာလည်း သူက မိန်းမနှစ်ယောက်ယူထားတယ်။ ပထမ တယောက်က အမြဲတမ်း အရိုက်ခံရလို့ ထိုင်းဘက် ထွက်ပြေးပြီ။ နောက်မိန်းမထပ် ယူတယ်။ အဲဒါလဲ ရန်ဖြစ် ရိုက်နှက်တာအမြဲတမ်းဘဲ။ လင်မယားဆိုတော့လေနော် ။ ကျနော်တို့ရွာသားတွေအနေနဲ့တော့ သူ့ကို ချစ်လဲ မချစ်ဘူး ခင်လဲမခင် ဘူး။ ပုံမှန်ပဲ။ သူကစစ်မှုထမ်းဟောင်းအနေနဲ့ပုံပါကျင် ပီဘီဝမ်း(နယ်ခြားမှတ်တိုင်) မှာ လူခွန်ကောက် တယ်။ သွားလာသူတိုင်း တယောက် ဘတ် ၁၅၀ ကောက်တယ်” - ဟု ပြောသည်။

သီးခြားအတည်ပြုချက်မရသည့်သတင်းအရ ဦးတင်အောင်သည် မြန်မာစစ်တပ်အတွက် ထောက်လှမ်း ရေးကောင်းတဦးဖြစ်သည်ဟု ဆိုသည်။

ပျောက်ဆုံးသူ ဦးတင်အောင်ဟု ယူဆရသည့် ရုပ်ပျက်နေသည့် အလောင်းတလောင်းအား မေ ရ ရက် နေ့က ဖိုင်ခယ်ရွာစပ် တောင်ယာတခုအနီး၌တွေ့ရှိခဲ့ကြောင်း ရွာသားများကပြောသည်။ အစိုးရတပ်မှ အဆိုပါ အလောင်းအား သွားရောက်စစ်ဆေးမှု ရှိခဲ့ပြီး  ဦးတင်အောင်၏အလောင်း ဟုတ်မဟုတ် မသိရသေး ကြောင်းလည်း ဆိုသည်။

 ဦးတင်အောင်နေထိုင်ရာ မိုင်းတုံမြို့နယ်အတွင်း မြန်မာစစ်တပ် တပ်ရင်းပေါင်း ၅ ရင်း၊ တောင်ပိုင်း ၀ တပ်ဖွဲ့ UWSA အမှတ် ၁၇၁ စစ်ဒေသ၊ ဦးဂျပီးကွယ်ဦးဆောင်သည့် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ်၊ တပ်မတော်အရံတပ်ဖွဲ့အမည်ရ စစ်မှုထမ်းဟောင်းအဖွဲ့ အပါအဝင် သျှမ်းပြည်တပ်မတော် RCSS/SSA တို့  လှုပ်ရှားပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက် ထားသည့် တပ်ဖွဲ့ဖြစ်သည့်အားလျော်စွာ မည်သည့်အကြောင်းကိစ္စမဆို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းသင့်သောကြောင့် တရားဥပဒေမဲ့ အင်အားသုံး ဝိုင်းရံစစ်ဆေးမှုမဖြစ်သင့်၊  မြန်မာအစိုးရအနေဖြင့် ဖြေရှင်းချက်ပေးရန် မေလ ၈ ရက်နေ့က ပြည်ထောင်စုငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC ထံ စာရေးတောင်းဆိုခဲ့သည်ဟု သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်း ကပြောပါသည်

Most read this week