အစိုးရတပ် သိမ်းပိုက် ထားသည့် တရုတ် - မြန်မာ နယ်စပ် တံတား အနီး ဗုံးပေါက်ကွဲ

အစိုးရတပ် သိမ်းပိုက် ထားသည့် တရုတ် - မြန်မာ နယ်စပ် တံတား အနီး ဗုံးပေါက်ကွဲ
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် နောင်မွန်း ကျေးရွာ တရုတ်- မြန်မာ နယ်စပ် နမ့်ဝမ်း ချောင်း ကူးတံတား အနီး၌  ဗုံးပေါက်ကွဲရာ ဒေသခံတစ်ဦး ဒဏ်ရာ ရရှိကြောင်း သျှမ်း သံတော်ဆင့်မှ စုံစမ်းသိရှိ ရသည်။

တရုတ်ပြည် ဘက်သို့ သစ်များ၊ မှောင်ခိုပစ္စည်းများတရားမဝင်သယ်ထုတ်ရာ အဆိုပါ နမ့်ဝမ်းတံတား အနီးတွင် ဗုံးပေါက်ကွဲခဲ့သည်ဖြစ်ရာ နမ့်ဟီးရွာသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း  လွယ်ဟိုဆေ (မန်ဝိန်းကြီး) ဒေသ ရွာခံအကြီးအကဲ တစ်ဦးက ပြောသည်။

“ဗုံးက မနေ့ မနက် ၁၁းဝဝ နာရီ လောက်မှာ ပေါက်တာလေ၊ ထိခိုက်ဒဏ်ရာရတာတော့ အသက် ၂၀ ကျော် နမ့်ဟီးရွာသူ တစ်ယောက်ရှိတယ်၊ဒဏ်ရာတော့ မပြင်းဘူးလို့သိရတယ်၊ဒီလထဲမှာ ခုနဲ့ဆိုရင် ဗုံးပေါက်တာ ၂ ကြိမ်ရှိပြီ။ လလယ်တုန်းက  အခုပေါက်တဲ့နေရာ နဲ့ မတိမ်းမယိမ်းမှာ တလုံးပေါက် တယ်။ အဲဒီတုန်းကတော့ လူမထိဘူး”

နမ့်ဝမ်းချောင်းတံတားသည် ယ္ခုနှစ် ဧပြီလ ၁၁ ရက်နေ့ က ကချင်လွတ်မြောက်ရေးတပ်မတော် KIA အားထိုးစစ် ဆင်လာသည့် အစိုးရတပ်ဖွဲ့များက  တိုက်ခိုက်သိမ်းပိုက်ထားသောတံတားဖြစ်ပါသည်။

“  သေနတ်သံတွေတော့ လောလောဆယ် ငြိမ်သွားပါပြီ။ ခုကြောက်နေရတာက လက်သည်မသိရတဲ့ ဗုံးပေါက်ကွဲမှု အန္တရာယ်ဘဲ။  ညတုန်းကလဲ ပေါက်ကွဲသံ နှစ်ခါကြားရတယ်၊ ဗုံးဘယ်မှာ ထပ်ပေါက်လဲ မသိဘူး”  ဟု ၄င်းကပြောသည်။

၂၀၁၄ ဧပြီ လဆန်းပိုင်း ကစပြီး  သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ဘက် သို့ မြန်မာအစိုးရ စစ်တပ် က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထံ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ် အတွင်းရှိ ကျေးရွာ များနှင့် ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စုအတွင်း ဗုံးပေါက်ကွဲမှု မကြာခန ဖြစ်ပွားခဲ့သည်။ သို့သော် ယနေ့တိုင် ဗုံးခွဲမှုလက်သည် မသိရသေးကြောင်း မိုင်းဝီးဒေသခံ လုံးခမ်းအိုက် က  ပြောသည်။

“ ဒီလ ၂၅ ရက် မနက် ၄း၃၀ တုန်းက မိုင်းဝီးကျေးရွာအုပ်စု  လွုင်ဆက်(ပ်)ရွာ နားမှာ  ဘယ်သူ ဘယ်အဖွဲ့က ပစ်လိုက် တဲ့ ဗုံးလဲမသိဘူး။  ရပ်ထားတဲ့ မီးသွေးတင်ကား ထဲကျတယ်။ ကားနဲ့ လိုက်ပါလာတဲ့ခရီးသည်  ၄ ဦးနဲ့ ဗမာ စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရလို့ နမ့်ခမ်းပြည်သူ့ဆေးရုံကိုု ပို့ရတယ် ” ဟု ၄င်းကပြောသည်။

၄င်းဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရရှိသူ ငါးဦးမှာ အစိုးရစစ်တပ်သား အောင်ပိုပို အသက် (၂၇)နှစ် ၊ မန့်လုံကျေးရွာနေ မိုင်းအိုက်ယိုင် အသက်(၂၀)နှစ်၊ မိုင်းဝီးကျေးရွာနေ စိုင်းအိုက်ကွမ်း အသက်(၂၅)နှစ် နှင့် ဦးယော်ထုန် အသက်(၃၅)နှစ်၊ ၀ိန်း ကမ်းရွာနေ စိုင်းအိုက်ကမ် အသက်(၃၀)နှစ် တို့ဖြစ်ကြောင်း၊ ဒဏ်ရာပြင်း ထန်ကြောင်း နမ့်ခမ်းဆေးရုံမှ ၀န်ထမ်းတစ်ဦးကပြောသည်။