SSA ရွှေရတု အခမ်းအနား တက်မည့် ဧည့် ပရိသတ်များ ၀မ့်ဟိုင်း သို့ရောက်ရှိ

SSA ရွှေရတု အခမ်းအနား တက်မည့် ဧည့် ပရိသတ်များ ၀မ့်ဟိုင်း သို့ရောက်ရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တပ်မတော် တည်ထောင်ခြင်း နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား တက်ရောက်ရန် ဒေသအသီးသီး မှ ဧည့် ပရိသတ် ရာချီ  ၀မ့်ဟိုင်း ဌာနချုပ်သို့ ရောက်ရှိ နေကြောင်း  သိရပါသည်။

သျှမ်းပြည်တပ်မတော် SSA ၏ နှစ် ၅၀ ပြည့်ရွှေရတု အခမ်းအနားကို သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် ဌာနချုပ်  ကျေးသီးမြို့နယ် ၀မ့်ဟိုင်း တွင် ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပါသည်။

ဧပြီလ ၂၃ ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှရောက်ရှိလာသော ပရိသတ်များအား ကြိုဆိုနေရာ ချပေးခြင်း၊ ၂၄ ရက်နေ့တွင် အခမ်းအနားကျင်းပခြင်းနှင့် ၂၅ ရက်နေ့တွင် ဧည့်ပရိသတ်များနှင့် ဗဟုသုတ ဖလှယ်ခြင်း မိတ်ဆုံ နေ့လည်စာ စားခြင်း စသည့် အစီအစဉ်များ ရှိကြောင်းသိရသည်။

“တကယ့်ပွဲရက်က  ၂၄ ရက်နေ့မှာ။ အလံတင်အခမ်းအနားကို မနက် မိုးမလင်းခင်ကတည်းက စ မှာ။ သံဃာ တော် တွေကိုဆွမ်းကပ်မယ်။  ရ နာရီမှာ SSPP/SSA နာယက ကြီးက အခမ်းအနားဖွင့်ပွဲ အမှာစကားပြောမယ်။ ပြီးရင် စစ်ရေးပြအခမ်းအနားရှိမယ်။ ဆုတံဆိပ်ပေးအပ်ခြင်းအစီအစဉ်ရှိမယ်။  ပြီးရင် ဥကဌ ကြီး ဒု- ဗိုလ်ချုပ်ကြီး ပန်ဖှက အပိတ်စကားပြောကြားမယ်။  ” - ဟု ၀မ့်ဟိုင်းရောက် ပွဲတက်ပရိသတ် စိုင်းအိုက်က ပြောသည်။

ပွဲမစခင်ကလည်း သျှမ်းပြည်တပ်မတော်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် သျှမ်းပြည်အလယ် ပိုင်း လူငယ်ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် SSA ကို စဝ်ကွဏ်းဇိဏ်း ခေါင်းဆောင်သည့် SNUF နှင့်  လုံးခွန်မဟာ ဦးဆောင် သည့် သျှမ်းပြည်လွတ်လပ်ရေးတပ်မတော် SSIA တို့မှ ၁၉၆၄ ဧပြီလ ၂၄ ရက်၌ စတင်ထူထောင်ခဲ့သည်။

Most read this week