သျှမ်းပြည် မြို့တော် တောင်ကြီး၌ ကျင်းပသည့် တိုင်းရင်း မီဒီယာ ညီလာခံ ဆုံးဖြတ်ချက် အရ လာမည့်နှစ် တတိယ ကြိမ်မြောက် ညီလာခံအား ချင်းပြည်နယ် ဟားခါး မြို့၌ ပြုလုပ်သွားမည်ဖြစ်သည်။
တောင်ကြီးမြို့၌ ကျင်းပသည့် တိုင်းရင်းညီလာခံ ဒုတိယနေ့နှင့် တတိယနေ့ တို့တွင်တိုင်းရင်းမီဒီယာ ကွန်ယက် ထားရှိရေး၊ လာမည့် တတိယ အကြိမ်ညီလာခံအား ကရင်ပြည်နယ် ဘားအံမြို့နှင့်ချင်းပြည်နယ် ဟားခါးမြို့တို့၌ ကျင်းပဖို့ အဆိုတင်သွင်းကြရာ အများဆန္ဒအရ ချင်းပြည်နယ်၌ ကျင်းပဖို့ ညီလာခံ နောက်ဆုံးနေ့၌ သဘောတူလိုက်ခြင်းဖြစ်သည်။
“ချင်းဝေါလ် က ကိုဆလိုင်းမန်က မနှစ်က ပထမ အကြိမ်မော်လမြိုင်ကတည်းက ချင်းပြည်နယ်မှာ သွားလုပ်ဖို့ တောင်းဆိုထားတာ။ ဒီတကြိမ်လဲသူက ထပ်တောင်းဆိုလာတယ်။ သူက တက်တက်ကြွကြွ နဲ့ တောင်းဆိုတော့ အများကလဲ ထောက်ခံအားပေးတယ်” - ဘီအဲန်အိုင်အယ်ဒီတာအဖွဲ့ဝင် နိုင်ကဆော့မွန် က ပြောသည်။
သို့သော် ဘီအဲန်အိုင်အဖွဲ့ဝင်ဖြစ်သည့် ခိုနုမ်ထုန်သတင်းဌာနက တောင်ကြီး တိုင်းရင်းမီဒီယာညီလာခံ သို့တက်ရောက်ခြင်းမရှိ။ အဆိုပါဆုံးဖြတ်ချက်တွင် ခိုနုမ်ထုန်မပါသောကြောင့် ချင်းပြည်နယ် ဟားခါးမြို့ ၌ တတိယအကြိမ်ကျင်းပမည်ဆိုပါက ခိုနုမ်ထုန်၏ သဘောထားကိုမေးမြန်းရမည်ဖြစ်ကြောင်း၊ ဒေသ တွင်းလက်တွဲဖေါ်ဆောင်မှု အရေးကြီးကြောင်း နိရဥ္စရာ သတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော် ကပြောသည်။
မတ်ခ်ျ ၄- ၆ ရက်နေ့အထိ တောင်ကြီးမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် တိုင်းရင်း မီဒီယာညီ လာခံတွင် တိုင်းရင်းသားသတင်းဌာနပေါင်း ၄၀ ကျော်၊ လူမှုအခြေပြုအဖွဲ့အစည်း၂၇ ဖွဲ့ စုစုပေါင်း လူအင်အား ၂၅၀ တက်ရောက်ခဲ့ပါသည်။