သျှမ်းပြည် မြောက်ပိုင်း နောင်ချို မြို့နယ်အတွင်း မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား တပ်ပေါင်းစုတို့ ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွါးလျက်ရှိပြီး မြန်မာစစ်တပ်က အင်အား ဖြည့်တင်း နေဆဲ ဖြစ်ကြောင်း ဒေသတွင်း သတင်း ရပ်ကွက် ကဆိုပါသည်။
ဖေဖေါ်ဝါရီ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲက ပဲခူးတပ်မ ရ၇ လက်အောက်ခံ ဗိုလ်မှူး မြင့်အောင် ဦးဆောင်သော ရှမ်း-၁ (ရန်ကုန်မှ တပ်လာသော) စစ်ကြောင်းက ဆီဆုံ အုပ်စုဘက်ရှိ မိုက်ဟုန်း ကုန်ဆေ၌ စခန်း ချသည့် SSPP/SSA စစ်ကြောင်း ရှိရာသို့ သွားရောက် ဝိုင်းရံသဖြင့် အတန် အသင့် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွါး ခဲ့ရသည်ဟု ဒေသခံ စိုင်းနုက ပြောပါသည်။
အဆိုပါ ရှမ်း-၁ စစ်ကြောင်းသည် သျှမ်းပြည်တွင်း အထူး လှုပ်ရှားရန် အတွက် ၁၉၈၈ ခုနှစ် ကတည်းက ဖွဲ့စည်းခဲ့သော တပ် ဖြစ်သည်ဟု လည်း သျှမ်းပြည် တပ်မတော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုပါသည်။
ဖေဖော်ဝါရီ ၂၇ ညနေပိုင်းမှ ၂၈ ရက်နေ့တနေ့လုံး ဆက်လက် ဖြစ်ပွါးနေပြီး ညနေပိုင်းတွင် ကျောက်မဲ မြို့ နောင်ပင်မှ ခမရ ၅၀၁၊ ၅၀၂ မှ စစ်ကား ၃ စီးအပြည့် အင်အား ဖြည့်တင်းရန် နောင်ချိုသို့ ထပ်မံ ရောက်ရှိ လာသည်ဟု လည်း ဆိုပါသည်။
သျှမ်းပြည် တိုးတက်ရေး ပါတီဘက် မှလည်း တိုင်းရင်းသား တပ်ပေါင်းစုက အားဖြည့် တိုက်ခိုက်ခဲ့ ကြောင်း၊ မြန်မာ စစ်တပ် ဘက်က ၁၀ ဂဏန်း သေကြေ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒေသအတွင်း ပြည်သူ့စစ် တပ်ဖွဲ့ ဝင်တဦးက ၂ ဦး ၂ ဖက် သေ ကြေ ဒဏ်ရာ ရရှိသည်ဟု သတင်းရရှိသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်မပြုနိုင်သေးပေ။