တအာင်းသံဃာတော်များ မူးယစ်ဆေးဝါးပပျောက်ရေးဆန္ဒထုတ်ဖော်

တအာင်းသံဃာတော်များ မူးယစ်ဆေးဝါးပပျောက်ရေးဆန္ဒထုတ်ဖော်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) သံဃာတော်များ ဦးဆောင်ပြီး တအာင်း (ပလောင်) တိုင်းရင်းသားများ ပူးပေါင်း၍ ဖေဖေါ်ဝါရီလ ၃ ရက်၊ နေ့လယ်ပိုင်း၌ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

စီတန်းလှည့်လည်ဆန္ဒဖေါ်ထုတ်ရာတွင် သံဃာတော်(၆၀) ပါးခန့် ပါ၀င်ဦးဆောင်ကြောင်း၊ တအာင်း(ပလောင်)တိုင်းရင်းသားအယောက်(၄၀၀) ခန့်ပါ၀င်ကြကြောင်း၊ ဆန္ဒထုတ်ဖော် ချိန်မှာနေ့လယ်၂ နာရီမှ ညနေ ၄ နာရီအထိဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင်ပါ၀င်သောလူငယ် မိုင်းအိုက်ကျော်က ပြောသည်။

ta ang

သူက“ကျနော်တို့က တအာင်းယဉ်ကျေးမှုရုံးရှိရာ မန့်နားတောင်ခြေကနေ မြို့တစ်ပတ်ပတ်ပြီး နောင့်စန့်ကုန်း နားက ပန်လိမ်ပျံကွင်း(အင်္ဂလိပ်ခေတ်ကလေယဉ်ကွင်းဟောင်း) မှာ ကြေငြာချက်ကို သံဃာတော် တစ်ပါးကဖတ်ကြားတယ်။ အဲဒီနောက်တော့ ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာနဲ့ ရပ်နားခဲ့တယ်၊ အားရကျေနပ် မိပါတယ်၊ ဒါဟာ ကျနော်တို့ ပထမဆုံးအကြိမ်လည်းဖြစ်တယ်၊ ပြည်သူတွေ ဘက်က အားပေးမှုလည်းရရှိ ခဲ့တယ်” ဟု ပြောသည်။

မူးယစ်ဆေးဝါးပပျောက်ရေး-ဒို့အရေး၊ မူးယစ်အန္တရာယ်ကာကွယ်ပေးရေး-ဒို့အရေး၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ရပ်တန့်ပေး-ဒို့အရေး  အစရှိ အချက် သုံးချက်ကို ကြွေးကြော်ဆန္ဒပြခြင်းဖြစ်ကြောင်း  လွေးအီခမ်းက ဆိုသည်။

၄င်းက “ကျမတို့လည်း ညီညီညာညာ စိတ်ပါ၀င်စားစွာ ကြွေးကြော်ခဲ့ကြတယ်၊ အမျိုးသမီးတချို့ ရင်ထဲက ခံစားချက် တွေကို စာရွက်ပေါ်ရေးသားပြီး ကိုင်ဆောင်ဖော်ထုတ်ပြသခဲ့ပါတယ်။ မူးယစ်ဆေးကြောင့် တအာင်း တိုင်းရင်းသားနဲ့သျှမ်းပြည်ထဲက တခြားတိုင်းရင်းသားတွေ  ပျက်စီးနေကြပါပြီ၊ ဒါ့ကြောင့် ခုလို ဆန္ဒ ထုတ်ဖော်ပွဲ ကျင်း ပရတယ် ” ဟု ပြောသည်။

 အလားတူ တအာင်း(ပလောင်) သံဃာတော်များနှင့် တအာင်း(ပလောင်) တိုင်းရင်းသားများ စီတန်းလှည့် လည်ဆန္ဒ ထုတ်ဖော်သည့်နေ့တွင် နမ့်ခမ်းမြို့ရှိအစိုးရအဖွဲ့များကလည်း ကျားဖြူခန်းမတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟောပြောပွဲကျင်းပခဲ့ကြောင်း ဒေသခံများထံမှသိရှိသည်။

Most read this week