သျှမ်းပြည်ထွက် တာမလန်းသစ်အဝယ်လိုက်

သျှမ်းပြည်ထွက် တာမလန်းသစ်အဝယ်လိုက်
by -
သျှမ်းသံတော်ဆင့်

တရုတ် စီးပွားရေးလုပ်ငန်းရှင်များ လိုက်လံဝယ်ယူနေမှုကြောင့် သျှမ်းပြည်ထွက် တာမလန်းသစ်များ တောလုံး ကျွတ်ကုန်ကာ ကျေးလက် တောရွာရှိ ခြံစည်းရိုးတိုင်၊ လယ်ယာအတွင်းရှိ တဲတိုင်၊ အိမ်တိုင်ဟောင်း များပါမကျန် အဝယ်လိုက်နေကြောင်း - ဒေသခံများကပြောသည်။

တာမလန်းသစ် (သျှမ်းအခေါ်  မိုက်မောက်ဆွမ်) မှာ သျှမ်းပြည်တောတွင်း၌ အထူးရှားပါးလာကြောင်း၊ တာမလန်းသစ် တတန် (ပိဿာချိန် ၆၅၀ ခန့်) လျှင်  ဒေသနှင့် ဈေးကွက်အလိုက် ကျပ် ၄ သိန်းမှ ၈ သိန်းခွဲ အထိ ပေါက်ဈေးရှိကြောင်း၊ အလုပ်အကိုင်မဲ့ ရွာသားများက အဆိုပါသစ်များ လိုက်လံရှာဖွေကာတဆင့်ပွဲစားများ ထံရောင်းချကြောင်း ဒေသခံများက ပြောသည်။

တရုတ်လောပန်းထံရောင်းချမည့် တာမလန်းခြံစည်းရိုးတိုင်ဟောင်းများ

“တာမလန်းသစ် အဝယ်လိုက်နေတာ ၁၀ နှစ်ကျော်နေပြီ။ အခုက သစ်တွေတအားရှားလာလို့ ရှာရခက်ပြီး နာမည်ပိုကြီး လာတာ။ တရုတ်လောပန်းတွေက စဉ့်အိုင်၊ နောင်မွန်၊ နောင်ကွိုင်း၊ ကုန်းပေါဝ်း၊ နမ့်မ တောပိုင်းဘက်ဆို ခြံစည်းရိုးတိုင်တွေ၊ လယ်ယာ တဲတိုင်တွေပါ ဝယ်လိုက်နေတယ်။ တာမလန်း သစ်ဆို လုံးပတ် ကြီးကြီးသေးသေး အကုန်ဝယ်တာဘဲ” - ဟု လားရှိုးမြို့ခံ (ဦး)လုံးခမ်းဆိုင် ကပြော သည်။

ထို့အတူ နမ့်ခမ်းဒေသခံတဦးကလည်း လုံးပတ် ၁ ပေခန့် ၊ အရှည် ၁၀ ပေ ခန့်ရှိ တာမလန်းသစ်တလုံးလျှင် ရွှေလီ၊ ဂျယ်ဂေါင်တဘက်ကမ်း၌ ကျပ်ငွေ ၁၀ သိန်းထက်မနည်း ရောင်းရကြောင်း ပြောသည်။

ခိုလမ်ဒေသခံ စိုင်းလီကလည်း ခိုလမ်မြို့နယ်ခွဲ တောရွာပိုင်း၌ တာမလန်းသစ် တစ်ပင်ရှာတွေ့လျှင် တရက်တည်းဖြင့် ထွက်ခြေကိုက်ကာ ဝင်ငွေ သိန်းဂဏန်းရသည်ဟု ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူစယ်၊ မန်တုံ၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ နမ္မတူ၊ သီပေါ၊ မိုင်းရယ်၊ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင် ကျေးသီး မိုင်းရှူး ကွန်ဟိန်း နမ့်ဇန် မြို့နယ်အတွင်း၌ တာမလန်း သစ်များ အဝယ်လိုက်မှုကြောင့် အထူးရှားပါးလာနေသည်ဟုလည်း ကျားဖြူပါတီ ဝင် နန်းဆိုင် ကပြောသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သျှမ်းပြည်၌ သစ်မာ တန်ချိန် တသိန်းခွဲထွက်ကြောင်း၊ လက်ရှိတွင် ပြည်ထောင်စုအစိုးရသာ ချုပ်ကိုင်ထားကြောင်း၊ မြေပေါ် မြေအောက် သယံဇာတများမှ ရသည့် အခွန်အခ ၅၀ ရာခိုင်နှုန်းအား သျှမ်းပြည်အစိုးရထံခွဲဝေပေးရန် တင်ပြထားကြောင်း သျှမ်းပြည်နယ် အစိုးရ သစ်တော နှင့် သတ္တုတွင်းဝန်ကြီး စိုင်းအိုက်ပေါင်းက ပြောပါသည်။

Most read this week