သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း ၂၈ မိုင်သာရှည်သော ခရီးတခုတွင် ဒေသအတွင်း လက် နက်ပိုင်း တပ်ဖွဲ့များမှ လမ်းကြေး စောင့်ကောက်သည့် ဝါးတန်းဂိတ် ၂၂ ခု ရှိသည်ဟု ဒေသခံများက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှ အနောက်တောင်ဘက်ရှိ မိုင်းဝီးကျေးရွာအုပ်စုသို့လမ်းခရီး ၂၈ မိုင်သာ ရှည် သော်လည်း ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များထောင်ထားသော ဂိတ် ၂၂ ခု ရှိကြောင်း၊ အဆိုပါဂိတ် များအတွက် ဂိတ်ကြေး ကျပ်ငွေ ၂၀၀၀ မှ ကျပ် ၄၀၀၀၀ ကျော်အထိ ပေးဆောင်နေရ သောကြောင့် ဝမ်းရေးအတွက် မြို့ပေါ် ဈေးရောင်းထွက်ရန် အခက်အခဲ ကြုံတွေ့နေရသည်ဟုဆိုသည်။
“ရွာကနေထွက်တာနဲ့ပေးရပြီ။ မိုင်းဝီး၊ တွန့်ယွမ်း၊ လွယ်ခက် ကနေ တာဟေး ကွန်ဟိုင်း အထိက ဖြတ်တဲ့ရွာ၊ ဖြတ် တဲ့ဂိတ်တွေ အကုန်ပေးရတယ်။ မိုင်းဝီးကနေ ထွက်တာနဲ့ ၃၀၀၀၀ ကျပ်၊ ပြီးတော့ တချို့ဂိတ်တွေမှာ ထောင်ဂဏန်း ကနေ တချို့ဂိတ်တွေမှာသောင်းဂဏန်းအထိ ပေးရတယ်။ အများဆုံးပေးရတာက ငွန်အင်၊ အဲဒီမှာ ကျပ် ၄၁၀၀၀ ပေးရတယ်” - ဟု ကားဆရာတဦးကပြောသည်။
‘မီးသွေး၊ သစ်သီး၊ ကိုယ်တိုင်မြို့တက်ပြီး ခြံထွက်သီးနှံ သွားရောင်းတဲ့ ထော်လဂျီ ၊ ၆ ဘီးကား၊ စတာတွေ အကုန်ပေး ရတယ်။ စစ်တပ်၊ ရဲ၊ မီးသတ်၊ ပြည်သူ့စစ် စတာတွေပေါ့’ - ဟု အခက်အခဲ ကြုံနေရသူတဦးက လည်း သျှမ်းသံတော် ဆင့်သို့ပြောသည်။
အဆိုပါဂိတ်များအား ရုပ်သိမ်းပေးရန်၊ ပေးရသည့်ငွေကြေးများ လျှော့ချပေးရန် တောင်းဆိုပေးသည့် နိုင်ငံရေးပါတီ များ၊ အဖွဲ့အစည်းများလည်းမရှိသေးကြောင်း ရပ်မိရပ်ဖတဦးဖြစ်သည့် ဦးအိုက်ကပ် က ပြောသည်။
မိုင်းဝီးဒေသဘက်တွင် သျှမ်း၊ ကချင်၊ ပလောင်၊ တရုတ် နှင့် အခြားလူမျိုးများလည်း ရှိသည်ဟုဆိုသည်။
ပေးဆောင်ရသည့် ဂိတ်များမှာ မိုင်းဝီး - ၃၀၀၀၀ ကျပ် (စစ်တပ်၊ ရဲ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ် - များအတွက်) ၊ တွန့်ယွမ်း - ၂၀၀၀ ကျပ် (အုပ်ချုပ်ရေးမှူး)၊ လွဲခက်(ထဲန်ကန်) ၂၅၀၀၀ ကျပ်(စစ်တပ်နှင့်ရဲအတွက်)၊ မန်းပူး(ရဲ) ၉၀၀၀၀ ကျပ် ၊ မန်းပူး(ပြည်သူ့စစ်) ၅၀၀၀ ကျပ်၊ စိုက်ခင်း (ပြည်သူ့စစ်) ၂၀၀၀ ကျပ်၊ ဟိုနားတွင် စစ်တပ်အတွက် ၁၅၀၀ဝ ကျပ်၊ မန့်စပ်ပြည်သူ့စစ်အတွက် ၅၀၀၀ ကျပ်၊ မြို့မ ပြည်သူ့စစ်အတွက် ၅၀၀၀ ကျပ်၊ နမ့်ခမ်းရဲ အတွက် ၂၀၀၀၀ ကျပ်၊ ကောင်းကပ်တွင် SB အတွက် ၁၀၀၀၀ ကျပ်၊ ယာဉ်ထိန်းရဲ (လက်ဘက်ရုံအနီး) ၂၀၀၀၀ ကျပ်၊ အဆိုပါ လက်ဘက်ရုံ အထက်ပိုင်းတွင် ယာဉ်ထိန်းရဲ အတွက် ၂၅၀၀၀ ကျပ် ၊ တာ့ကောင်လမ်းဆုံတွင် ပြည်သူ့စစ်အတွက် ၂၀၀၀ ကျပ်၊ လမ်းကြေး ဘီးလိမ့်ခွန် အတွက် ၂၅၀၀၀ ကျပ်၊ နမ့်တီးတွင် သစ်တော အတွက် ၃၀၀၀၀ ကျပ်၊ ငွန်အင်တွင် ၄၁၀၀၀ တနေရာနှင့် နစက အတွက် ၁၀၀၀၀ ကျပ်၊ ဝေပုလ္လကျောင်းတိုက်အနီးတွင် ရဲအတွက် ၂၀၀၀၀ ကျပ်။ တာ့ဟေး ကူးတို့ဆိပ်အဆင်း ရဲ အတွက် ၉၀၀၀ ကျပ်၊ တာ့ဟေး ကူးတို့ဆိပ် စစ်တပ်အတွက် ၁၀၀၀၀ ကျပ်၊ ကွန်ဟိုင်း တွင် ရဲအတွက် ၅၀၀၀ ကျပ် စုစုပေါင်း ကျပ် ၃၀၀၀၀၀ ကျော် ပေးဆောင်ရသည်ဟု အမည်မဖေါ်လိုသည့် ကားဆရာတဦးက ပြောသည်။