သျှမ်းပြည် တပ်မတော် RCSS/SSA နှစ်ပတ်လည် အစည်းအဝေးအား ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ဂျန္နဝါရီ ၉ ရက်နေ့တွင် စတင် ကျင်းပကြောင်း တက်ရောက်သူ အရာရှိများက ပြောသည်။
၂၀၁၄ ဂျန္နဝါရီ ၉ မှ ၁၁ ရက်အထိ သုံးရက်ကြာ အစည်းအဝေးကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ကျင်းပရာ - ၂၀၁၃ ခုအတွင်း လုပ်ဆောင်ခဲ့သည့်လုပ်ငန်းများတင်ပြခြင်း၊ ပြန်လည် သုံးသပ်ခြင်း၊ ၂၀၁၄ အတွက် လုပ်ငန်းစဉ်ချမှတ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းများ ရှိမည်ဟုသိရသည်။
“ဒီတခေါက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တာ အဓိက ပါဝင်ဆွေးနွေးတယ်၊ နောက်တခုက အရေးပေါ် ဆွေးနွေးရတာက သန်းခေါင်စာရင်းကိစ္စပါမယ်” - ဟု RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ခွန်းဆိုင်က ပြောသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက် မှ ၃၁ ရက်နေ့ အထိ နှစ်ပတ်လည် အစည်းဝေးကျင်းပခဲ့ပြီးဖြစ်သည်။
သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့သည် သျှမ်းလူထု တောင်းဆိုချက်အရ ပူးပေါင်းရန်အတွက် လက်တွေ့အကောင်အထည်ဖေါ်နိုင်မည့်လမ်းကြောင်းများ ရှာဖွေနေကြသည်ဟုသိရသည်။