သျှမ်းလူဦးရေစာရင်း ကောက်ယူရေးကော်မတီက ပင်လုံမြို့ခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သျှမ်းပြည် သူ လူဦးရေစာရင်း အမှန်ရရှိရေးအတွက် လူဦးရေစာရင်းသာ အဓိကထားကောက်ယူမည် ဖြစ်ကြောင်း ပင်လုံမြို့ SNLD ဥက္ကဌ စိုင်းဆိုင်ကျော် က ဂျန္နဝါရီလ ၄ ရက်တွင် ပြောသည်။
သျှမ်းပြည်သားများ တယောက်မျှ မကျန်ရှိစေရန် သျှမ်းပြည်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီက သင်တန်းများ ဆက်တိုက်ပေးခြင်း ဖြစ်သည်။
ပင်လုံမြို့ရောက် သင်တန်းဆရာတဦးက “ကျနော်တို့က လူစာရင်းပဲ ကောက်မှာ အစိုးရတော့ အိမ်တွင်း ပစ္စည်းအစ ကြက်၊၀က်၊ ခွေးအဆုံး အကုန်ကောက်မယ်´ ဟု ပြောသည်။
အစိုးရကောက်ယူမည့်နည်းမှာ အိမ်တစ်အိမ်တွင် လူဦးရေစာရင်းအပြင် စက်ဘီး၊ နွားလှည်း၊ ကား မှအစ ခွေး၊ ကြောင်၊ ကြက်၊ ၀က်၊ ဘဲ စာရင်းများလည်းပါကြောင်း၊ အိုးခွက်ပန်းကန် ပါဝင်သည့်မေးခွန်း ပေါင်း ၄၁ ခန့် ဖြေရမည်ဖြစ်ကြောင်း သိရသည်။
"ကျနော်တို့က စာရင်းမှန်ထွက်တဲ့အချိန် ကွဲလွဲမှုမရှိအောင် သျှမ်းပြည်မှာ ဘာလူမျိုး၊ လူဘယ်နှစ်ယောက်ရှိ၊ ရပ်ဝေး၊ နယ်ခြားမှာ ဘယ်နှစ်ယောက်အလုပ်သွားလုပ်တယ် ဆိုတာ ကြိုသိရအောင် - လူဦးရေဘဲအဓိက ထား ကောက်မှာ" ဟု ပင်လုံလူငယ်ခေါင်းဆောင် စိုင်းဆု ကပြောသည်။
ထို့အတူ အိမ်ထောင်စုစာရင်းမရှိသေးသောမိသားစု၊ နိုင်ငံသားစိစစ်ရေးကဒ် ခေါ် အမျိုးသားမှတ်ပုံတင် မရှိသေး သော သူများအတွက်လည်း လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်းပြောသည်။
“ကျနော်တို့ သျှမ်းလူထုက စိုးရိမ် ကြောက်လန့်မှုများတယ်။ အစိုးရကနေ သန်းခေါင်စာရင်းလာကောင်ရင် လာမေးရင် ကိုယ့်မိသားစု ဘယ်နှစ်ယောက်ရှိလဲ၊ ခရီးသွား တခြား အလုပ် သွားလုပ်နေ တာဘယ်နှစ် ယောက်ရှိလဲ၊ ဘာလူမျိုးလဲဆိုတာ ရဲရဲဝံ့ဝံ့ ဖြေဖို့လိုတယ်။ သန်းခေါင်စာရင်း ကောက်ယူရေးကဗမာအစိုး ရကဘဲ ကောက်တာမဟုတ်ဘူး။ ကမ္ဘာ့ကုလသမဂ္ဂကပါ လက်တွဲလုပ်တော့ ဆင်းရဲမွဲတေမှု ကိစ္စပါ ဖြေရှင်းဖို့ ကူညီထောက်ပံ့နိုင်ဖို့အတွက် စစ်တမ်းလဲတခါ တည်း ကောက်ရတာ ပေါ့” ဟု အဆိုပါ သျှမ်းလူငယ်က ပြောသည်။
သျှမ်းပြည်သူပြည်သားများ သန်းခေါင်စာရင်းမှန်ရရှိရေးအတွက် လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီ ဝင်များ၊ တာဝန်သိ ဒေသခံရပ်မိရပ်ဖများ ငွေအားလူအား စုပေါင်း၍ သျှမ်းလူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ဖွဲ့စည်းကာ မြို့နယ်အလိုက် သင်တန်းပေးနေခြင်း ဖြစ်၏။
၂၀၁၃ ဒီဇင်ဘာ ၂၇ - ၂၉ ရက်အထိ၊ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ၊ တောင်ပိုင်း နမ့်ဇန်မြို့တွင် ပြည်နယ်လွှတ်တော်အမတ် စိုင်းသန်းမောင် ဦးဆောင်သည့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သင်တန်းပေးရာ တမြို့နယ်လျှင် လူငယ် ၅ ဦး မှ ၁၀ အဦးအထိ တက်ရောက်လေ့လာကြောင်း သိရသည်။